မန္တလေး-အင်ဖာရ် တိုက်ရိုက်ဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ခြင်းမရှိသေး

83

 

မန္တလေး၊ သြဂုတ်
Covid-19 ရောဂါကြောင့် အိန္ဒိယ -မြန်မာ နယ်စပ်ဂိတ် ဝင်ထွက် ပေါက်များ ပိတ်ထားရသည့်အတွက် မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ အင်ဖာရ်မြို့သို့ ပြေးဆွဲမည့် တိုက်ရိုက် ဘတ်စ်ကားလိုင်း အစီအစဉ်မှာလည်း ယခုအချိန်အထိ ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“မြန်မာဘက်ခြမ်းက သွားလာလို့ရပြီဖြစ်ပေမဲ့ အိန္ဒိယအစိုးရဘက်က နှစ်နိုင်ငံဂိတ်အဝင်အထွက်တွေ ပိတ်ထားဆဲဖြစ်တဲ့အတွက် သွားလာလို့ မရသေးဘူး၊ Covid-19 ရောဂါငြိမ်ပြီး နယ်စပ်ဝင်ထွက် ပေါက်လမ်းကြောင်းပွင့်မှပဲ သွားလာလို့၊ ပြေးဆွဲလို့ရမယ့် အနေအထားရောက်နေတယ်”ဟု ရွေမန္တလာ Express ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ အင်ဖာရ်မြို့သို့ ပြီးခဲ့ သည့် ဧပြီလဆန်းပိုင်းက စတင် ပြေးဆွဲရန် စီစဉ်ထားခဲ့သော်လည်း Covid-19 ရောဂါကြောင့် ယခုအချိန်အထိ ပြေးဆွဲနိုင်ခြင်း မရှိ ကြောင်း၊ ထိုသို့ ပြေးဆွဲနိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှ ရွေ မန္တလာ Express ကုမ္ပဏီက မန္တလေး-မုံရွာ-ဂန့်ဂေါ-ကလေး-တမူး အထိ လည်းကောင်း၊ အိန္ဒိယနိုင်ငံ 7 Sisters ကုမ္ပဏီက တမူးနယ်စပ်မှ အိန္ဒိယနိုင်ငံ အင်ဖာရ်မြို့အထိ လည်းကောင်း ကုမ္ပဏီနှစ်ခု ပူးပေါင်း၍ ပြေးဆွဲရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ကြောင်း မန္တလေးမြို့ အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးမှ သိရသည်။

“အိန္ဒိယမှာ Covid-19 ရောဂါပိုးက အဆမတန် ပြန့်ပွားကူးစက် နေတဲ့အတွက် ဒီပုံစံအတိုင်းဆိုရင် တော်တော်နဲ့ ပြေးဆွဲနိုင်ဦးမှာ မဟုတ်ဘူး၊ လပေါင်းများစွာတော်တော်ကြာဦးမယ်လို့ မြင်တယ်” ဟု မန္တလေးမြို့ခံ Tour Guide တစ်ဦးက ဆိုသည်။

မန္တလေး-အင်ဖာရ် တိုက်ရိုက် ဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ရန် ယခင် အစိုးရလက်ထက်ကတည်းက နှစ်နိုင်ငံအစိုးရပူးပေါင်း၍ စီစဉ်ခဲ့ဖူးသော်လည်း အိန္ဒိယနယ်စပ်ရှိ
နယ်မြေလုံခြုံရေး အခြေအနေများ နှင့် အခြားကိစ္စရပ် အချို့ကြောင့် မအောင်မြင်ခဲ့ပေ။ မန္တလေးမှ တမူး အထိ ယာဉ်မောင်းချိန် ၁၁ နာရီ ကြာမြင့်ကာ တမူးမှ အင်ဖာရ်သို့ သုံးနာရီ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here