မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား ခရီးစဉ်များတွင် ရထားစင်းရေ တိုးချဲ့ပြေးဆွဲ

94

 

မန္တလေး၊ ဇွန် ၂၂

မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား စသည့် ရထားခရီးစဉ်များတွင် ရထားစင်းရေ လျှော့ချပြေးဆွဲခဲ့ရာမှ ယခုအခါ Social Distancing ဖြစ်စေရေးအတွက် ယခုဇွန်လလယ်ပိုင်းမှစ၍ ရထားစင်းရေများ တိုးချဲ့ပြေးဆွဲနေကြောင်း မန္တလေးဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

“အရင် ရထားစင်းရေ လျှော့ချထားတာကနေ အခု ရထားစီးတဲ့သူ ပြန်များလာတဲ့အချိန်မှာ Social Distancing ဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ညီအောင် ရထားစင်းရေ တိုးချဲ့ပြေးဆွဲတာပါ၊ အခုလို တိုးချဲ့ပြေးဆွဲတဲ့အခါမှာ ပြေးဆွဲချိန်ကလည်း အရင်အတိုင်းပါပဲ မပြောင်းလဲပါဘူး” ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ တိုးချဲ့ပြေးဆွဲသည့်အပြင် Social Distancing ရှိစေရန် ခရီးသွားများကို နှစ်ယောက်ထိုင်ခုံတစ်ခုံလျှင် ခရီးသည်တစ်ဦးသာထိုင်စေပြီး ရထားလက်မှတ်ခမှာလည်း ဈေးတက်ခြင်းမရှိကြောင်း၊ ထိုသို့တိုးချဲ့ပြေးဆွဲသည့် ရန်ကုန်-မန္တလေးလမ်းပိုင်း အမှတ် (၅)နှင့် အမှတ် (၆) အဆန်၊ အစုန်ရထားများမှာ နေ့လယ် ၃ နာရီတွင် ခရီးစဉ်အလိုက် ထွက်ခွာပြေးဆွဲကြမည်ဖြစ်ပြီး နံနက် ၇ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင်လည်း အမှတ် (၅၇) အဆန်၊ အမှတ် (၅၈) အစုန်၊ အမှတ် (၄၁)အဆန်၊ အမှတ် (၄၂) အစုန် တို့ တိုးချဲ့ပြေးဆွဲထားကြောင်း အဆိုပါ ဌာနမှသိရသည်။

“နှစ်ခုံမှာ တစ်ယောက်ထိုင်ရပေမဲ့ ရထားလက်မှတ်ခတွေ တိုးယူထားတာမရှိဘူး၊ အရင်အတိုင်းပဲ၊ ခရီးသည်တွေအားလုံး လိုက်ပါစီးနင်းတဲ့အခါမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

ယခုကဲ့သို့ တိုးချဲ့ပြေးရာတွင် မည်သည့်ရထားကိုမျှ ထိုင်ခုံမဲ့ရောင်းချပေးမည်မဟုတ်ဘဲ ခရီးသွားလက်မှတ်များကို နံနက် ၉ နာရီမှစ၍ သတ်မှတ်လက်မှတ်ရုံပေါက်ရှိ သတ်မှတ်နေရာများ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here