မန္တလေး-မတ္တရာကားလမ်းသစ် တိုးချဲ့ဖောက်လုပ်ရန် စီစဉ်

771

မန္တလေး၊ ဖေဖော်ဝါရီ
ယာဉ်သွားလာမှုများပြားပြီး ယာဉ်ကြောကျပ်တည်းမှု မကြာခဏဖြစ် ပေါ်လျက်ရှိသည့် မန္တလေး-မတ္တရာ-မိုးကုတ်လမ်းပိုင်းအတွင်း မန္တလေး- မတ္တရာကားလမ်းသစ် တိုးချဲ့ဖောက်လုပ်သွားမည် ဖြစ်ကြောင်း မတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းက ပြောသည်။

အဆိုပါလမ်းသစ်ကို မတ္တရာ မြို့နယ်၊ အမှတ်(၄)ရပ်ကွက် သံတံတားအနီးမှ မန္တလေးမြို့ GTC ကျောင်းအနီးအထိ ဖောက်လုပ် သွားမည်ဖြစ်ပြီး အဆိုပါတံတားမှ ရွှေတချောင်းမြောင်းအတိုင်း မန္တလေး-မိုးကုတ် လမ်းဆုံရာအထိ ယာဉ်ငယ်များသွားလာနိုင်သည့် မြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ မတ္တရာလမ်းအတွက် မြောင်းပေါင်လမ်းကြမ်းကို အသုံးပြုနေရပြီး ရေကျော်မှုများရှိခြင်းကြောင့် မန္တလေး-မတ္တရာလမ်းအသုံးပြုသူများ အခက်အခဲဖြစ်မှုများရှိ၍ လမ်းသစ်တိုးချဲ့ ဖောက်လုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေး-မတ္တရာ-မိုးကုတ်လမ်းပိုင်းသည် တောင်ပြုံးပွဲ တော်ကာလများ၌ ယာဉ်ကြောပိတ်ဆို့မှုများ နှစ်စဉ်ကြုံတွေ့လျက်ရှိခြင်းများကြောင့်လည်း ယခုကဲ့သို့ လမ်းသစ်ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရ သည်။

လမ်းဧရိယာကို ယာဉ်ငယ်သွားလာနိုင်သည့် ၄၅ ပေအကျယ် ဖောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိ၌ လမ်းဖောက်လုပ်မည့်နေရာအနီးရှိ ကျေးရွာများ၊ ဘုရားစေတီများ၊ အဆောက်အအုံများ၊ ဥယျာဉ်ခြံမြေများ စာရင်းကို ကောက်ယူ၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းပေါင်လမ်းကို ပေငါးဆယ်ချဲ့ရန် လာမည့်ဘတ်ဂျက်နှစ်အတွင်း ကျပ်သန်း ၆,၅ဝဝ တောင်းခံသွားမည် ဖြစ်ပြီး ၁၈ ပေ အကျယ် ကတ္တရာလမ်းခင်းရန်အတွက်လည်း ဘတ်ဂျက်တောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

အသစ်ထပ်မံဖောက်လုပ်မည့် မန္တလေး-မတ္တရာ-ရွှေတချောင်း မြောင်းလမ်းသည် အရှည် ၁၅ မိုင် ရှိပြီး ဖောက်လုပ်ပြီးစီးပါက မန္တလေး-မိုးကုတ်လမ်းအတွင်း ယာဉ်ကြောကျပ်တည်းမှု လျော့နည်းသွား နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here