မန္တလေး-ပြင်ဦးလွင်လမ်းတိုးချဲ့မှု  ၂ဝ၁၈   ခုနှစ်၊   မတ်လတွင်   ပြီးစီးမည်

526

ယာဉ်သွားလာမှုများလာခြင်းကြောင့် မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းကို လေးလမ်းသွား လမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ်လျက်ရှိရာ ၂ဝ၁၈ ခုနှစ်၊ မတ်လတွင်ပြီးစီးအောင် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

 

”မြို့ပြအနေအထားနဲ့ ကားအစီးရေ ဒီလောက်သွားလာနေတဲ့ လမ်းဖြစ်တာကြောင့် ချဲ့ရတာလေ၊ ဒီလမ်းက BOT ပေးထားတာဆို တော့ အဲဒီကုမ္ပဏီကိုပဲ လမ်းချဲ့ဖို့အစိုးရအဖွဲ့က ညွှန်ကြားတာပါ”ဟု ၎င်းက ပြောသည်။

 

အဆိုပါလမ်းကို Oriental Highway ဆောက်လုပ်ရေးကုမ္ပဏီအား BOT စနစ်ဖြင့်ချထားပေးရာ ယခု လမ်းတိုးချဲ့ခြင်းလုပ်ငန်းကို ယင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး တိုးတက်လာသည့် ကားအစီးရေနှင့်အညီ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါလမ်းသည် ၄၂ မိုင် ရှည်ပြီး မန္တလေးမှ မူဆယ်သို့ တိုက်ရိုက်သွားရောက်နိုင်သည့် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည့်အပြင် အပန်းဖြေခရီးထွက်သည့် အချိန်နှင့်ပွဲတော်ရာသီများ၌ လမ်းအသုံးပြုမှု ပိုမိုများလျက်ရှိကာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကားအစီးရေ ငါးထောင်ကျော် ဖြတ်သန်းသွားလာ လျက်ရှိကြောင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

လက်ရှိတွင် မန္တလေး-ပြင်ဦး လွင်လမ်းပိုင်းသည် နှစ်လမ်းသွား အကျယ်သာရှိသော အတက်၊ အဆင်း လမ်းတစ်ခုဖြစ်ပြီး လမ်းအကျယ်နှင့် များပြားလာသည့် ယာဉ်အစီးရေအရ ယာဉ်ကြောရှုပ်ထွေးမှု ပိုမိုများပြားလာခြင်းကြောင့် အဆိုပါ မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းအား လေးလမ်းသွားအဖြစ် တိုးချဲ့ဖောက် လုပ်ခြင်းကို ယခုနှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ကာ လာမည့် ၂ဝ၁၈ ခုနှစ်၊ မတ်လ၌ အပြီးဖောက် လုပ်သွားမည် ဖြစ်သည်။

 

”မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းက ခရီးသွားတွေများလာတာတွေ၊ ယာဉ်အစီးရေများလာတာတွေကြောင့် လမ်းအသုံးပြုတာတွေ များလာတယ်၊ ပြီးတော့ လားရှိုးဘက်သွားတဲ့ တွဲကား၊ ကုန်ကားတွေလည်းရှိတော့ ယာဉ်ကြောကျပ်တည်းမှုတွေက အမြဲတမ်းဖြစ်နေတာ၊ ဒါကြောင့် ယာဉ်ကြောကျပ်တည်းမှုမဖြစ်အောင် ဒီလိုတိုးချဲ့ ဖောက်လုပ်တာ အကောင်းဆုံးပါပဲ”ဟု အဆိုပါလမ်းပိုင်းတွင် တာဝန်ကျနေသည့် ယာဉ်ထိန်းအရာရှိတစ်ဦးက ပြောသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here