မန္တလေး ဆိုင်ကယ်တစ်ပတ်ရစ်စျေးကွက်တွင် Zongshen ဆိုင်ကလုန်းဆိုင်ကယ်သာ စျေးကောင်းပြန်ရလွယ်ဟု ဆို

1637

မန္တလေး၊ ဇူလိုင် ၁၇
မန္တလေးမြို့ ဆိုင်ကယ်တစ်ပတ်ရစ် စျေးကွက်တွင် တရုတ်ဆိုင်ကယ်များအနက် Zongshen ဆိုင်ကလုန်းဆိုင်ကယ်သာ ပြန်ရောင်းချရာတွင် စျေးကောင်းပြန်ရလွယ်ပြီး အခြား CZI ၊ ရုပ်ဆိုး၊ Auto စသော ဆိုင်ကယ်များမှာစည်းကမ်းရှိရှိ မစီးနင်းထားပါက စျေးနှိမ်ခံရလေ့ရှိကြောင်း မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။ ‘‘တရုတ်ဆိုင်ကယ်တွေ စီးပြီးသားကို ဝယ်/ရောင်းတွေဆီမှာ ပြန်လာရောင်းပြီဆိုရင် ဘီးကောင်းတဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့က စျေးပေးတယ်၊ အဓိက အင်ဂျင်အရည်အသွေးကို စက်သံ နားထောင်စီးကြည့်ပြီးစစ်ဆေးတယ်၊ အင်ဂျင်ကောင်းသေးတယ်ဆိုရင် တစ်နှစ်လောက် စီးထားတဲ့ တရုတ်ဘီးတစ်စီးက ဆိုင်မှာရောင်းစျေးထက် ထက်ဝက်ကျော်ကျော်စျေးရနိုင်တယ်၊ အင်ဂျင်ကည်း ကျနေပြီဆိုရင်တော့ အသစ်ဘီးပေါက်စျေးရဲ့ သုံးပုံနှစ်ပုံလောက် စျေးနှိမ်ခံရနိုင်တယ်၊ လောလောဆယ် တရုတ်ဘီးထဲမှာ ဝယ်/ရောင်းတွေ စျေးအများဆုံးပေးတဲ့ ဘီးကတော့ ဆိုင်ကလုန်း အမျိုးအစားပဲရှိတယ်၊ ဆိုင်ကလုန်းတောင် အခုဟာ Brand အမျိုးမျိုးနဲ့ပေါ်နေတော့ Brand တိုင်း စျေးကောင်းမပေးဘူး၊ Zongshen ဆိုင်ကလုန်းတစ်မျိုးပဲ စျေးကောင်းပေးတယ်’’ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ရောင်းတစ်ဦးက ပြောကြားသည်။ မည်သည့် တရုတ်ဆိုင်ကယ်မဆို ၅၉ ဆိုင်ကယ်ဝိုင်းသို့ လာရောက်ရောင်းချပါက အင်ဂျင်အရည်အသွေး၊ ဆိုင်ကယ်ကာဗာ ဆေးရောင်ကောင်းမကောင်း၊ ခွေနှင့်တာယာ ကောင်းမကောင်းနှင့် လာရောင်းသူမှာ ဆိုင်ကယ်ပိုင်ရှင် ဟုတ်မဟုတ်စသော အခြေခံအချက်များကို အဓိကထား စစ်ဆေးလေ့ရှိပြီး ဘီးကောင်းမှုအပေါ် မူတည်၍ စျေးပိုပေးလေ့ရှိကြောင်း၊ ထိုသို့ စျေးဖြတ်ရာတွင်လည်း တရုတ် Auto ဘီး၌ Adixin ၊ Yunde စသော Brand နှစ်မျိုးသာ စျေးပိုပေးလေ့ရှိသကဲ့သို့ ဆိုင်ကလုန်း ဆိုင်ကယ်တွင်လည်း Zongshen Brand တစ်မျိုးသာ စျေးကောင်း ပေးလေ့ရှိကြောင်း မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ သိရသည်။
Zongshen ဆိုင်ကလုန်း အမျိုးအစားသည် 110 CC ဖြင့် ထုတ်လုပ်ထားခြင်းကြောင့် ဆီစားနှုန်း သက်သာစေသည့်အပြင် အင်ဂျင်၊ ကာဗာ၊ ဆေးရောင် စသော အစိတ်အပိုင်းများမှာလည်း အရည်အသွေးကောင်းမွန်ပြီး သီးသန့်ဒီဇိုင်းဆန်းတစ်ခုဖြင့် ရပ်တည်နေခြင်းကလည်း စျေးကွက်အတွင်း လူကြိုက်များစေကြောင်း မန္တလေးမြို့ခံ ဝယ်/ရောင်းများက သုံးသပ်သည်။ လက်ရှိ မန္တလေးမြို့ ဆိုင်ကယ် ဝယ်/ရောင်း စျေးကွက်တွင် ကျပ်သုံးသိန်းဝန်းကျင် CZI ၊ ကျပ် လေးသိန်းခွဲဝန်းကျင် တရုတ် Auto ဘီးများနှင့် ကျပ် ခုနစ်သိန်းဝန်းကျင် ဆိုင်ကလုန်း ဆိုင်ကယ်များသာ
အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here