မန္တလေး-စစ်ကိုင်း နေ့စဉ်ကူးသန်းသွားလာသူများ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာနှင့် အလုပ်မှထောက်ခံစာပါမှ ၀င်ထွက်ခွင့်ပြုမည်

137

 

စစ်ကိုင်း၊ စက်တင်ဘာ ၂၈

မန္တလေးမြို့ရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်သုံးမြို့နယ်တွင် နေထိုင်သူများမှ စစ်ကိုင်းမြို့သို့သွားရောက်ရန်ဖြစ်စေ၊ စစ်ကိုင်းမြို့မှ မန္တလေးသို့ အလုပ်သွားရောက်လုပ်ကိုင်ရန်ဖြစ်စေ နေ့စဉ် ကူးသန်းသွားလာသူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်၊ သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံစာနှင့် အလုပ်ရှင်၊ သို့မဟုတ် ကုမ္ပဏီ/စက်ရုံ၏ ထောက်ခံစာပါရှိမှသာ ၀င်ထွက်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“တကယ်လို့ ထောက်ခံစာမပြနိုင်ဘူးဆိုရင် စစ်ကိုင်းလာတာနဲ့ Facility Quarantine ၁၄ ရက် နေထိုင်ရပါမယ်၊ မန္တလေးက Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် သုံးမြို့နယ်ထဲမှာ ညအိပ်နေထိုင်ခဲ့သူဆိုရင်လည်း Facility Quarantine ၁၄ ရက် ၀င်ရပါမယ်၊ အဓိကကတော့ စစ်ကိုင်းကနေ မန္တလေး အလုပ်သွားလုပ်သူတွေအနေနဲ့ စစ်ကိုင်းကနေလည်း သက်ဆိုင်ရာရပ်ကွက်၊ သို့မဟုတ် ကျေးရွာရဲ့ ထောက်ခံစာလိုအပ်သလို မန္တလေးမှာ အလုပ်လုပ်တဲ့စက်ရုံ၊ သို့မဟုတ် အလုပ်နေရာပါ၀င်တဲ့ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ ကိုယ်အလုပ်လုပ်တဲ့ဆီရဲ့ ထောက်ခံစာလည်း လိုအပ်ပါမယ်”ဟု အဆိုပါဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သည် တိုင်းဒေသကြီး မတူသော်လည်း ဧရာ၀တီမြစ် ဟိုဖက်ကမ်းနှင့် ဒီဖက်ကမ်း တည်ရှိသော မြို့များဖြစ်သည်။ ထို့ပြင် မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများသို့ စစ်ကိုင်းမြို့ပေါ်နှင့် ကျေးရွာများရှိ ဒေသခံအများအပြား သွားရောက်အလုပ်လုပ်ကိုင်လေ့ရှိသဖြင့် ယခု Covid-19 ကာလ သွားလာရေးအဆင်ပြေစေရန် ထောက်ခံစာများ လိုအပ်မည်ဖြစ်ကြောင်း၊ ဘဏ်နှင့်ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ် တစ်ကိုယ်​ရေသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများတွင် တာ၀န်ထမ်းဆောင်ရန် သွားရောက်သူများနှင့် ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းများ၌ မဖြစ်မနေ တာ၀န်ထမ်းဆောင်သူများကိုမူ Stay at Home သတ်မှတ်ထားသော မန္တလေးမြို့ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အမရပူရမြို့နယ်တို့သို့ သတ်မှတ်စည်းကမ်းများနှင့်အညီ ၀င်ထွက်သွားလာခွင့်ပြုထားကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“စစ်ကိုင်းကနေ မန္တလေးမြို့ထဲက Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်အတွင်းဆိုရင်တော့ ခွင့်ပြုထားတဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်သူတွေပဲ သွားလာခွင့်ရမယ်၊ တခြားကိစ္စနဲ့ သွားလာမယ့်သူတွေ၊ တခြားသူတွေကတော့ အဲဒီမြို့နယ်တွေဆီ သွားလာခွင့်ရမှာမဟုတ်ဘူး၊ သွားလာခွင့်ရတဲ့သူတွေကလည်း သတ်မှတ်စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ပေးဖို့လိုမယ်” ဟု အဆိုပါဌာနမှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးမှ စစ်ကိုင်းမြို့သို့ လာရောက်သူများအားလုံးကို စစ်ကိုင်းတိုင်းအ၀င်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကြပ်မတ်နေပြီး မန္တလေးမှလာရောက်သူများအားလုံး ခရီးသွားရာဇ၀င် အမှန်အတိုင်း ပြောပြခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် ခရီးသွားရာဇ၀င် လိမ်လည်ပြောဆိုမှုများ စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)
စစ်ကိုင်းမြို့အ၀င်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ကြပ်မတ်နေစဉ်။ ဓာတ်ပုံ- စစ်ကိုင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန။

LEAVE A REPLY

Please enter your comment!
Please enter your name here