မန္တလေး၅၉ဆိုင်ကယ်ဝိုင်းရှိ ဆိုင်ကယ်အရောင်းဆိုင်များအားလုံး ရေနုတ်မြောင်းပေါ်  အပါအဝင် ခြောက်ပေအထိသာ နေရာယူ ရောင်းချရန် အသိပေး

1179

မြန်မာနိုင်ငံတွင် အကြီးဆုံး ဆိုင်ကယ်ဝိုင်းဟု သမုတ်ကြသော မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းရှိ ဆိုင်ကယ်ဝယ်/ရောင်းများနှင့် ဆိုင်ကယ်အရောင်းဆိုင်များအားလုံး ရေနုတ်မြောင်းပေါ်အပါအဝင် ခြောက်ပေအထိသာ နေရာယူ၍ ရောင်းချရန် အသိပေးထားကြောင်း ၅၉ ဆိုင်ကယ်ဝိုင်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။

 

”ပြီးခဲ့တဲ့လက ၅၉ ဆိုင်ကယ်ဝိုင်းအနီးမှာ တချို့နေအိမ်တွေက ယာဉ်ကြောရှုပ်တယ်ဆိုပြီး စည်ပင်ကို တိုင်ကြားလို့ စည်ပင်ကနေလာသတိပေးပါတယ်၊ ဒါနဲ့ ၅၉ ဝိုင်း ကြီးကြပ်ရေးကော်မတီကနေ ဝိုင်းသူဝိုင်းသားတွေ အကုန်လုံးကို ဖိတ်ခေါ်ပြီး ဆိုင်ကယ်ရောင်းရင် ရေနုတ်မြောင်းပေါ်ရောမှ ခြောက်ပေအထိသာနေရာယူပြီး ရောင်းချဖို့ လောလောဆယ် အသိပေးထားပါတယ်၊ ကိုယ်တို့က လူမှုရေးအဖွဲ့အစည်းဖြစ်တဲ့အတွက် မေတ္တာနဲ့ အသိပေးရုံသဘောမျိုးပေါ့”ဟု ‘မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်း ကြီးကြပ်ရေးကော်မတီ’ ဥက္ကဌ ဦးမော်ကြီးက ပြောကြားသည်။

 

လက်ရှိတွင် ၅၉ ဆိုင်ကယ်ဝိုင်းရှိ ဝယ်/ရောင်းများနှင့် ဆိုင်ကယ် အရောင်းဆိုင်များအားလုံးကို အသိပေးပြောဆိုထားပြီး အကယ်၍ စည်ပင်မှ လာရောက်ဖမ်းဆီးပါက ရောင်းချသူ၏တာဝန်သာ ဖြစ်သည်ဟု အသိပေးပြောဆိုထားကြောင်း၊ ထို့ပြင် တန်ဆောင်တိုင်ပွဲတော်ပြီးချိန်မှစ၍ ၅၉ ဆိုင်ကယ်ဝိုင်းရှိ လမ်းဘေး ကျူးကျော်သော ဆိုင်ကယ်ဆိုင်များ အားလုံး ယာဉ်ရပ်နားခွန်နှင့် ကျူးခွန်ကောက်ခံမည်ဟုလည်း စည်ပင်က ကြိုတင်အသိပေးထားကြောင်း အဆိုပါ ကော်မတီမှ ထပ်မံသိရသည်။

 

”၅၉ ဝိုင်းမှာက ဆိုင်ခန်းငှားပြီးဖွင့်တဲ့ဆိုင်က နည်းတယ်၊ အများစုကဝယ်/ရောင်းတွေစုပြီးလမ်းဘေးမှာပဲ ချရောင်းကြတော့ ရေနုတ်မြောင်းပေါ်အပါအဝင် ခြောက်ပေထက်ကျော်ပြီး မဖွင့်ဖို့ အသိပေးထား တယ်၊ သူတို့ ကျူးကျော်ဖွင့်လှစ်လို့ စည်ပင်ကလာဖမ်းရင် ကိုယ့်တာဝန်ကိုယ်ယူ လိုက်မရှင်းပေးဘူးလို့ တစ်ခါတည်း ပြောထား ပြီးသား၊ လမ်းဘေးမှာ အမှီပြုပြီး လုပ်ကိုင်ရတော့ စည်းကမ်းရှိမှ ရမယ်လေ၊ ဟိုတစ်လောက စည်ပင်ကတော့ တန်ဆောင်တိုင်ကထိန်ပွဲတော်ပြီး နောက်ပိုင်း လမ်းဘေးကျူးကျော်ခွန်ကောက်မယ်လို့ လာအသိပေးသွားတယ်” ဟု ‘၅၉ ဆိုင်ကယ်ဝိုင်း ကြီးကြပ်ရေး ကော်မတီ’ ဒုဥက္ကဌဦးချစ်လှက ဆိုသည်။

 

မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းသည် ၅၉ လမ်းနှင့် မနော်ဟရီ လမ်းဆုံအနီးရှိ လမ်းဘေးများတွင် အမှီပြု၍ ဆိုင်ကယ်ဝယ်/ရောင်း ပြု လုပ်လာရာမှ ၅၉ ဝိုင်းဟု အမည်တွင်လာခြင်းဖြစ်ပြီး ယခင်က မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီက လမ်း ၆ဝ ကားဝိုင်းတွင် နေရာပေးခဲ့သော်လည်း ဝယ်သူမရှိခြင်းကြောင့် ယခု ၅၉ လမ်းတွင်သာ ပြန် လည်အခြေချ၍ အရောင်းအဝယ်များ ပြုလုပ်လျက်ရှိသည်။

 

လက်ရှိ ၅၉ ဆိုင်ကယ်ဝိုင်းတွင် ဆိုင်ကယ်ဝယ်/ရောင်းဦးရေ သုံးရာနီးပါးရှိပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယ ဆိုင်ကယ် Brand အစုံကို တစ်ပတ်ရစ်မှ Brand New အထိ တစ်နေရာတည်းတွင် လက်ငင်းရော အရစ်ကျ စနစ်ဖြင့်ပါ စုံစုံလင်လင်ရရှိနိုင်သော နေရာလည်းဖြစ်သည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here