မန္တလေးရှိ ဆိုင်ကယ်အရောင်းပြခန်းအချို့ Covid-19 ကာလအတွင်း Live လွှင့်၍ မော်တော်ဆိုင်ကယ်များ ရောင်းချလာ

85

 

မန္တလေး၊ နိုဝင်ဘာ ၁၉

မန္တလေးမြို့ရှိ ဆိုင်ကယ်အရောင်းပြခန်းအချို့ ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း အရောင်းအေးနေသည့်အတွက် ကိုယ်ပိုင် Facebook Page များမှတစ်ဆင့် Live လွှင့်၍ မော်တော်ဆိုင်ကယ်များ ရောင်းချလာကြကြောင်း အဆိုပါအရောင်းပြခန်းများနှင့် မန္တလေးမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

“အခု Covid-19 ကာလမှာ ကုန်ပစ္စည်းတော်တော်များများ Live လွှင့်ရောင်းကြတော့ ကျွန်မတို့လည်း Trends ခေတ်စားတဲ့အပေါ်မူတည်ပြီး လိုက်လုပ်ကြည့်တာလည်းပါတယ်၊ Live လွှင့်ရောင်းတော့ ဒီတိုင်း အမေးမရှိတာထက်စာရင် မေးသူများလာတယ်၊ အဝယ်ရှိလာတယ်ပေါ့” ဟု မန္တလေးမြို့ TVS Agrocorp ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင် ယခင်ကအခြားသော ကုန်ပစ္စည်းများကိုသာ Live လွှင့်ရောင်းချသူ များပြားခဲ့သော်လည်း မော်တော်ဆိုင်ကယ်များကို Live လွှင့်ရောင်းချသည့်ဆိုင်မှာ လုံးဝမရှိခဲ့ဘဲ ယခုမှသာ Live လွှင့်ရောင်းချသည့် ဆိုင်ကယ်အရောင်းပြခန်း နှစ်ခုထက်မနည်းရှိလာကြောင်း မန္တလေးမြို့ခံများထံမှ စုံစမ်းသိရသည်။

“လိုင်းပေါ်မှာ ကြည့်ရသလောက် Adixin နဲ့ TVS ဆိုင်ကယ် Showroom နှစ်ခုလောက်ပဲ Live လွှင့်ရောင်းချတာ တွေ့သေးတယ်၊ တခြား Showroom တွေတော့ သိပ်မတွေ့မိဘူးပေါ့၊ အဲဒီလိုရောင်းချတဲ့အခါမှာ Influencer တွေထက် ကိုယ့် Showroom က ဝန်ထမ်းတွေနဲ့ပဲ Live လွှင့်ပြီး ရှင်းပြပြောဆို ရောင်းချကြတာတွေ့ရတယ်” ဟု ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူ မန္တလေးမြို့ခံ မမြင့်မြင့်ကြည်က ဆိုသည်။

မန္တလေးမြို့တွင် ယခုအခါ Covid-19 ပိုးကြောက်၍ အပြင်မထွက်သူများလည်းရှိသကဲ့သို့ စီးပွားရေးအဆင်မပြေမှုများကြောင့်လည်း ဆိုင်ကယ်အရောင်းပြခန်းများတွင် ဆိုင်ကယ်လာရောက်ဝယ်ယူမှု အလွန်နည်းပါးနေသည့်အတွက် အချို့ Showroom များမှာ ဆိုင်ကယ်များကို ကျပ်တစ်သိန်းကျော်အထိ ဈေးလျှော့ရောင်းချခြင်း၊ အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် ဖြေလျှော့ပေးခြင်း စသည့်ဝန်ဆောင်မှုများဖြင့်လည်း ရောင်းချလာကြသည်ကို တွေ့မြင်ရကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here