မန္တလေးမြို့ လမ်းဘေးဝဲယာတွင် စွန်လွှတ်သူများကို အရေးယူမည်

101

 

မန္တလေး၊ နိုဝင်ဘာ ၁၃

မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ လမ်းဘေးဝဲယာများတွင် ယခုရက်ပိုင်း စွန်လွှတ်သူများ များပြားလာကာ ထိုသို့ လမ်းဘေးများ၌ စည်းကမ်းမဲ့စွန်လွှတ်ခြင်းကြောင့် လမ်းသွားလမ်းလာများ စွန်ကြိုးနှင့်ငြိခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်း၊ ယာဉ်အန္တရာယ်ဖြစ်ပေါ်နိုင်ခြင်း စသည်တို့ကြောင့် မကြာမီ စတင်အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ သိရသည်။

“တချို့လည်း ကျုံးဘေးမှာ စွန်လွှတ်ကြတယ်၊ တချို့လည်း နီးစပ်ရာလမ်းဘေးဝဲယာတွေမှာ လွှတ်ကြတယ်၊ အဲဒီလိုစည်းကမ်းမဲ့လွှတ်တာဟာ လမ်းသွားလမ်းလာတွေ အနှောင့်အယှက်ဖြစ်ရတယ်၊ မတော်တဆ ငြိတွယ်လို့ လန့်ပြီး ယာဉ်အန္တရာယ်ဖြစ်ပေါ်နိုင်တာတွေရှိတဲ့အတွက် ဒီရက်ပိုင်းပဲ စတင်အရေးယူသွားမယ်” ဟု အဆိုပါဌာနမှ ဌာနခွဲမှူး ဦးအေးလွင်က ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်လမ်းများပေါ်တွင် အများပြည်သူကို ထိခိုက်အန္တရာယ်ဖြစ်စေနိုင်သော စွန်လွှတ်ခြင်းများကို နေ့စဉ်တွေ့ရှိနေရသည့်အပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၁၀၆၊ ပုဒ်မခွဲ (ဂ) (၃)တွင် မည်သူမျှ ကော်မတီပိုင်လမ်းများပေါ် ကစားခြင်း၊ စွန်လွှတ်ခြင်း မပြုလုပ်ရန် ပြဌာန်းထားပါသဖြင့် စစ်ဆေးတွေ့ရှိပါက ပုဒ်မ ၁၁၂ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း အခွန်ဌာနမှ ထပ်မံသိရသည်။

“စည်ပင်က စစ်ဆေးရေးအဖွဲ့တွေ လှည့်ပတ်ရင်း တွေ့ရှိရင် စီမံခန့်ခွဲရေးနည်းလမ်းအရ ပစ္စည်းသိမ်း၊ သတိပေးတာလည်းရှိနိုင်သလို ဒဏ်ငွေရိုက်အရေးယူတာလည်း ရှိနိုင်တယ်၊ အဓိကကတော့ အများပြည်သူ လမ်းသွားလမ်းလာတွေ အန္တရာယ်ဖြစ်မှာစိုးလို့ပါ” ဟု အခွန်ဌာနမှ ဌာနခွဲမှူး ဦးအေးလွင်က ထပ်မံဆိုသည်။

ယခုအခါ မန္တလေးမြို့တွင်းရှိ ကျုံးပတ်လည်တွင် စွန်လွှတ်သူများ နေ့စဉ်နှင့်အမျှ များပြားနေပြီး ထိုသို့ စည်းကမ်းမဲ့စွန်လွှတ်ခြင်းကြောင့် အမှန်တကယ်ပင် ယာဉ်အန္တရာယ်ရှိကာ မတော်တဆမှုများ ဖြစ်ပွားနိုင်သည့်အတွက် ထိထိရောက်ရောက် တားမြစ်အရေးယူပေးစေလိုကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူများက တညီတညွတ်တည်း ပြောဆိုသည်။

“တစ်ခါဆို ဆိုင်ကယ်စီးနေရင်း စွန်ကြိုးနဲ့ငြိလို့ ရုတ်တရက်လန့်ပြီး ဆိုင်ကယ်လဲမလိုဖြစ်သွားတယ်၊ လမ်းဘေးစွန်လွှတ်တာက အန္တရာယ်တအားများတယ်၊ ပြီးတော့ တချို့က စွန်ကြိုးမှာ မှန်ကွဲစတွေ သုတ်ထားတတ်တယ်၊ အဲဒီလိုမျိုးကြိုးတွေနဲ့သာငြိခဲ့ရင် မတွေးဝံ့စရာပဲ” ဟု အောင်မြေသာစံမြို့နယ်တွင်နေထိုင်သူ မန္တလေးမြို့ခံ မဟေမာထွေးက ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
လမ်းသွားလမ်းလာများလေ့ရှိသည့် မန္တလေး ကျုံးအနောက်ဘက်ခြမ်း တစ်နေရာအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here