မန္တလေးမြို့ ဘူတာကြီးပိုင် မြေနေရာကိုဖြတ်၍ ၂၇ လမ်းသစ် ဖောက်လုပ်ရန် မြန်မာ့မီးရထားမှ ခွင့်ပြုခြင်းမရှိ၍  မစတင်နိုင်သေး ဟု ဆို

467

မန္တလေး၊ မတ်

မန္တလေးမြို့ ဘူတာကြီးပိုင်မြေနေရာကိုဖြတ်၍ ၂၇ လမ်းသစ်ဖောက်လုပ်ရန် စီစဉ်နေသော်လည်း မြန်မာ့မီးရထားမှ ခွင့်ပြုခြင်းမရှိသဖြင့် ဖောက်လုပ်နိုင်ခြင်းမရှိသေးကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယခင်က မန္တလေးဘူတာကြီးပိုင်မြေနေရာကိုဖြတ်၍ ၂၇ လမ်းသစ် ဖောက်လုပ်ရန် ညှိနှိုင်းမှုမှာလည်း နေပြည်တော်မှ ခွင့်ပြုခြင်းမရှိသဖြင့် ဖောက်လုပ်နိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။

မန္တလေးမြို့၏ ရှေ့/နောက် လမ်းမကြီးများဖြစ်သည့် ၂၆ လမ်း နှင့် ၃၅ လမ်းကြားတစ်လျှောက်တွင် ဘူတာကြီး တည်ရှိနေရာ အရှေ့/ အနောက် လမ်းပိတ်ဖြစ်နေသဖြင့် ဘူတာကြီးပိုင်မြေကိုဖြတ်ပြီး ၂၇ လမ်းသစ်အဖြစ် ဖောက်လုပ်နိုင်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၇ ခုနှစ်က မြန်မာ့မီးရထား နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ မြေတိုင်းတာခြင်းများ ပြုလုပ်ခဲ့ပြီး ၂၇ လမ်းသစ် ဖောက်လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအခြေအနေအရ ဖောက်လုပ်နိုင်ရန် မဖြစ်နိုင်ကြောင်း သိရသည်။ မန္တလေးဘူတာကြီးမှ ၂၇ လမ်းအထိ နေ့စဉ် ရထားများ အချိန်းအပြောင်း ပြုလုပ်နေရသဖြင့် လမ်းသစ်ဖောက်လုပ်ရန် မဖြစ်နိုင်ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ ၂၇ လမ်းသည် လမ်းဧရိယာကျဉ်းမြောင်းသော်လည်း လမ်း ၃ဝ ဘူတာကြီး ခုံးကျော်နှင့် ၂၆ လမ်းမကြီးကို ရှောင်ရန်အတွက် အဓိကကျနေသည့် အရှေ့/ အနောက် လမ်းမတစ်ခုဖြစ်နေပြီး နေ့စဉ် ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်ပေါ်လျက်ရှိသည့် လမ်းမတစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် ဘူတာကြီးပိုင်မြေနေရာကို ကျော်၍ ၂၇ လမ်း ဖောက်လုပ်နိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို လွှတ်တော်အထိ ဆွေးနွေးအကြံပြုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here