မန္တလေး၊ ဇန်နဝါရီ
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတုတ္တန်းလမ်း၊ ဒုဝြတီမြစ်နှင့်ဧရာဝတီမြစ်ဆုံသည့်နေရာတွင် ဆောက်လုပ်လျက်ရှိသည့် နိုင်ငံတကာအဆင့်မီ စက်သုံးဆီဆိပ်ကမ်းမှ ဂါလန်နှစ်သန်းဆံ့ ဓာတ်ဆီလှောင်ကန် တစ်ကန်အား Pilot Projet အဖြစ် စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဆီကန်အသုံးပြုခွင့်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ Pilot Projet အနေဖြင့် ခွင့်ပြုထားပြီး EIA ၊ SIA ဆန်းစစ်ချက်များကိုလည်း ဆက်လက်လုပ်ဆောင်ကာ နည်းစနစ်နှင့် စည်းကမ်းပိုင်းများကို အကောင်းဆုံး ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါနိုင်ငံတကာအဆင့်မီ စက်သုံးဆီ ဆိပ်ကမ်းတည်ဆောက်မှုအား ကုမ္ပဏီပေါင်းငါးဆယ်ဖြင့် ဖွဲ့စည်းထားပြီး အများပိုင်စီမံကိန်းတစ်ခုဖြစ်ကာ မန္တလေးမြို့၏အကြီးဆုံးစက်သုံးဆီ ဆိပ်ကမ်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ၌ တည်ဆောက်မှုအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ဆန်းစစ်မှုစစ်တမ်း EIA ၊ SIA လုပ်ဆောင်ပြီးမှသာ ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန်ထားကြောင်း Myanmar Energy Sector Developement Public ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုအခြေအနေများကို လေ့လာဆန်းစစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ်မှုစစ်တမ်း EIA ၊ SIA အစီရင်ခံစာအား ယခုနှစ် ပထမလပတ်တွင် တင်ပြနိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ နိုင်ငံတကာအဆင့်မီ စက်သုံးဆီဆိပ်ကမ်း စီမံကိန်း၌ ဓာတ် ဆီသိုလှောင်ကန် လေးလုံး၊ ဒီဇယ် သိုလှောင်ကန် ၂၈ လုံး အပါအဝင်ဆီသိုလှောင်ကန် ၃၂ လုံးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်ဘုန်းမောင်