မန္တလေးမြို့ ဆိုင်ကယ်ဈေးကွက် ( CZI , MSX , Scoopy i )

4519

 

သီတင်းကျွတ်ပြီးကာလတွင် မန္တလေးမြို့၌ တရုတ်  CZI ၊MSX  ဆိုင်ကယ်အမျိုးအစားများနှင့် ထိုင်း Scoopy ဆိုင်ကယ်များသာ ပုံမှန်ဝယ်ယူမှုရှိပြီး အရစ်ကျစနစ်ကို သာ အားထားနေရကြောင်း မန္တလေးမြို့ ဆိုင်ကယ် ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

”သီတင်းကျွတ်ပွဲတော်ချိန်တုန်းကတော့ သိပ်မရောင်းရဘူး၊ လပြည့်ကျော် ၂ ရက်ကစပြီး တစ်ရက် ကို ၂၀၁၇ မိုဒယ် Scoopy i ချည်း တစ်ရက်သုံးစီး၊ လေးစီး ပုံမှန်ရောင်းရတယ်၊ အများအားဖြင့်တော့ မန္တလေးမြို့ပေါ်ကနဲ့ ကျောက်မဲဘက်က လာဝယ်တာ များတယ်၊ အဝေးသင်တက္ကသိုလ်ချိန်ဆိုတော့ ပုံမှန် တော့ အရောင်းအဝယ် ဖြစ်ပါတယ်”ဟု မန္တလေးမြို့ ‘Auto Star  ဆိုင်ကယ်အရောင်းပြခန်း’မှ ကိုဖက်တီးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက ဒေါ်လာ ဈေးနှင့် ဘတ်ဈေးကျဆင်းမှုကြောင့် ထိုင်းဆိုင်ကယ် များ ကျပ်ငါးသောင်းခန့် ဈေးကျဆင်းခဲ့သော်လည်း အောက်တိုဘာလ ဒုတိယပတ်တွင် ကျပ်တစ်သောင်းခန့် ဈေးပြန်တက်လာပြီး ရောင်းအားမှာ ပုံမှန်သာရှိကြောင်း၊ ပြည်ပသွင်းကုန်ကုမ္ပဏီများမှ တင်သွင်းသော ထိုင်းဆိုင် ကယ်များမှာ ဈေးအပြောင်းအလဲ ရှိသော်လည်း Honda ၏ မြန်မာပြည် Authorized Distributor NCX Myanmar ကုမ္ပဏီမှ တင်သွင်းသော ထိုင်းဆိုင်ကယ်များမှာမူ ဈေးအတက်၊ အကျမရှိဘဲ Wave 100 နှင့် Click ၊ Scoopy မှာ အဝယ်လိုက်နေကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။

”ဒီရက်ပိုင်းအဝေးသင်ချိန်ဆိုတော့ မန္တလေးမြို့ ပေါ်ကရော၊ နယ်ကရော တစ်ရက် သုံးစီး၊ လေးစီး လာ ဝယ်ကြတယ်၊ များသောအားဖြင့် Wave 100 ကတော့ ပစ္စည်းတောင်ပြတ်နေတယ်၊ Click  ၊ Scoopy  ကတော့ အရစ်ကျရော၊ လက်ငင်းလာဝယ်တာရော မျှနေတယ်”ဟု မန္တလေးမြို့ ‘Honda 84 ဆိုင်ကယ်အရောင်းပြခန်း’မန်နေဂျာ ဦးဝင်းနိုင်က ဆိုသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်ဈေးကွက်တွင် ထိုင်းဆိုင်ကယ်များ ပုံမှန်အရောင်းသွက်နေသည်နှင့် အမျှ တရုတ်နိုင်ငံထုတ်  JJXY ၊ Super AnBo ၊ New AnBo စသော တံဆိပ်များ၏ CZI ၊ MSX ဆိုင်ကယ်များ မှာလည်း ပုံမှန်အရောင်းသွက်နေပြီး အရစ်ကျနှင့် လက် ငင်းမျှနေကြောင်း အဆိုပါဆိုင်များမှ ထပ်မံသိရသည်။

”ဒီရက်ပိုင်းJJXY နဲ့ Super AnBo ကထုတ်တဲ့ အိပ်ဇော သုံးလုံးပါ MSX နဲ့ CZI ဆိုင်ကယ်လေး တွေ တစ်ရက် သုံးစီး၊ လေးစီး ပုံမှန်ရောင်းရတယ်၊ အဓိကကတော့ မြင်းခြံ၊ မတ္တရာ၊ ပုသိမ်ကြီးနဲ့ မန္တလေး မြို့ပေါ်ကဝယ်တာ ပိုများတယ်၊ အခုအချိန်က ငွေကျပ် နေကြတဲ့အချိန်ဆိုတော့ လက်ငင်းနဲ့ အရစ်ကျဝယ်ယူ တာ မျှနေတယ်၊ အရင်လထက်စာရင် ရောင်းအားတက် လာပေမဲ့ ဆိုင်တွေက အပြိုင်အဆိုင် ဈေးလျှော့ကြ တော့ အမြတ်ငွေတော့ နည်းသွားတယ်”ဟု မန္တလေး မြို့ ‘SH ဆိုင်ကယ်အရောင်းပြခန်း’ပိုင်ရှင် ကိုရွှေထိုက် က ပြောသည်။

မန္တလေးမြို့ Showroom ဆိုင်ကယ်ဈေးကွက်တွင် အောက်တိုဘာလ ဒုတိယပတ်၌ ထိုင်းနိုင်ငံထုတ် ၂၀၁၇ မိုဒယ် Click ဒလက် ကျပ် ၂,၃၆၀,ဝ၀ဝ၊ Click  စပုတ် ကျပ် ၂,၂၆၀,ဝ၀ဝ၊ Scoppy i ဒလက် ကျပ် ၂,၃၆၀,ဝ၀ဝ၊ Scoopy i စပုတ် ကျပ် ၂,၂၆၀,ဝ၀ဝ၊ Wave 100 ကျပ် ၁,၁၂၀,ဝ၀ဝ၊ တရုတ်နိုင်ငံ ထုတ် RSX (Adixin) ကျပ် ၆၈၅,ဝ၀ဝ၊ Blade 125 (Adixin) ကျပ် ၆၉၅,ဝ၀ဝ၊ ငါးရိုး 125(Zeniz) ကျပ် ၆၃၀,ဝ၀ဝ၊ Wave 110 (Zeniz) ကျပ် ၅၈၅,ဝ၀ဝ၊ Fizoo 125 (Adixin) ကျပ် ၁,ဝ၂၀,ဝ၀ဝ တို့တွင် ရှိနေသည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းဈေးကွက်တွင် မူ အောက်တိုဘာလ ဒုတိယပတ်၌ ထိုင်းမိုဒယ်မြင့်နှင့် တရုတ်တစ်ပတ်ရစ် ဆိုင်ကယ်များအားလုံး စံချိန်တင် အရောင်းအဝယ်အေးနေပြီး ယင်းမှာ နယ်ဒေသများတွင် မိုးမပြတ်သေးမှုနှင့် အလည်အပတ်သွားလာမှု များပြား ခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ဝယ်/ရောင်းများက သုံးသပ်ကြသည်။

”၂၀၁၄၊ ၂၀၁၅ မိုဒယ်နိမ့် ထိုင်း Click  ၊ Scoopy i လောက်ပဲ နှစ်ရက်ကို တစ်စီးနှုန်းရောင်းရတယ်၊ တစ်ရက် တစ်စီးတောင်မရောင်းရဘူး၊ အခု သီတင်း ကျွတ်က ရုံးပိတ်ရက်ရှည်တော့ အလည်အပတ်ထွက် ကြတာတွေနဲ့ နယ်တွေမှာ မိုးမပြတ်သေးတာတွေကြောင့် အရောင်းအဝယ်အေးနေတာလို့ ထင်တယ်၊ ဒီရက်ပိုင်း အရောင်းအဝယ်က အခြေအနေအတော်လေး ဆိုးတယ်” ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့်ဝယ်/ရောင်း တစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင် သီတင်းကျွတ်ကာလ အပြီးနှင့် တန်ဆောင်တိုင်ပွဲတော်ကာလ ကထိန်ခင်းမှုများမတိုင် မီ၌ နှစ်တိုင်း အရောင်းအေးလေ့ရှိပြီး  ကျပ်နှစ်သိန်းခွဲနှင့် သုံးသိန်းဝန်းကျင် တရုတ် CZI နှင့် ရုပ်ဆိုး ဆိုင်ကယ် များသာ အရောင်းအဝယ်ဖြစ်ကြောင်း ၅၉ ဆိုင်ကယ် ဝိုင်းမှ သိရသည်။

”သီတင်းကျွတ်ပြီးနဲ့ ကထိန်ပွဲတော်တွေ မတိုင်မီ နှစ်တိုင်းအရောင်းအဝယ်အေးလေ့ရှိတယ်၊ ဒီရက်ပိုင်း မန္တလေးမှာကလည်း မိုးကမကြာခဏရွာနေတော့ အ ရောင်းအဝယ်က အတော်လေးကို အေးနေတယ်၊ ဈေး ဦးမပေါက်တဲ့သူက များနေတယ်၊ ရောင်းရတဲ့သူက လည်း ဆိုင်ကယ် Online Group တွေက အချိတ်အ ဆက်နဲ့ နှစ်သိန်းခွဲနဲ့ သုံးသိန်းဝန်းကျင်တန် CZI နဲ့ MSX ဆိုင်ကယ်လေးတွေလောက်ပဲ ရောင်းရတယ်၊ ကထိန်ပွဲတော်တွေပြီးလို့ နောက်လလောက်မှပဲ အ ရောင်းအဝယ်တွေ ကောင်းလာနိုင်တယ်”ဟု မန္တလေး မြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ကိုညီညီလွင်ကသုံးသပ်သည်။

မန္တလေးမြို့ ဆိုင်ကယ်ဝယ်/ရောင်းဈေးကွက်တွင် အောက်တိုဘာလ ဒုတိယပတ်၌ ထိုင်းနိုင်ငံထုတ် ၂၀၁၇ မိုဒယ် Click ကျပ် ၂,၂၅၀,ဝ၀ဝ၊ ၂၀၁၆ မိုဒယ် Click ကျပ်၂,ဝ၅၀,ဝ၀ဝ၊ Scoppy i စပုတ် ကျပ် ၁,၉၀ဝ,ဝ၀ဝ၊ ၂၀၁၅ မိုဒယ် Scoopy i ကျပ် ၁,၇၂၀, ဝ၀ဝ၊ ၂၀၁၄ မိုဒယ် Scoopy i ကျပ် ၁,၆၈၀,ဝ၀ဝ၊ အိန္ဒိယ FZ (၂၀၁၅) ကျပ် ၁,၆၅၀,ဝ၀ဝ၊ တရုတ်နိုင်ငံ ထုတ် တစ်ပတ်ရစ်ဆိုင်ကယ်များမှာ ဆိုင်ကလုန်း ကျပ် ငါးသိန်းမှ ရှစ်သိန်းကြား၊ Super Cub Jialing ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းကြား၊ CZI  ကျပ်သုံးသိန်းမှ သုံး သိန်းခွဲကြား၊MSX ကျပ်ခြောက်သိန်းခွဲဝန်းကျင်တို့၌ ရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here