မန္တလေးမြို့ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ယနေ့မှစ၍ ခေတ္တဆိုင်းငံ့

153

 

မန္တလေး၊ ဒီဇင်ဘာ ၅

မန္တလေးမြို့ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက်(ယနေ့)မှစ၍ ယာယီပိတ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယခုအခါ မန္တလေးခရိုင်အတွင်းတွင် နေထိုင်သော ပြည်သူများ ရောဂါပိုးကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှု ပိုမိုများပြားလာကြောင်း တွေ့ရှိရသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ Stay at Home သတ်မှတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကနဦးမှတ်ပုံတင်လုပ်ငန်းများအား မန္တလေး Stay at Home အချိန်တွင် ဆိုင်းငံ့ထားပေးပါရန် အကြောင်းကြားလာသည့်အတွက် ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့မှစ၍ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံသိရသည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကညန၏ ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ရန်ကုန်မြို့တွင် ထောက်ကြန့်၊ ရွာသာကြီး၊ နေပြည်တော်၊ မန္တလေးမြို့တို့တွင် ဒီဇင်ဘာ ၁ ရက်မှစ၍ ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့သည်။ သို့သော် မန္တလေးခရိုင်တစ်ခုလုံးအား Stay at Home နေထိုင်ကြရန် မန္တလေးတိုင်းဒေသကြီးအစိုးရက ထုတ်ပြန်လိုက်သည့်အတွက် ဖွင့်လှစ်ပြီး လေးရက်အကြာတွင် မန္တလေး ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြန်လည်၍ ခေတ္တဆိုင်းငံ့လိုက်ရခြင်းလည်းဖြစ်သည်။

မန္တလေးမြို့တွင် ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်သော်လည်း နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ ထောက်ကြန့်၊ ရွာသာကြီး ရုံးများတွင်မူ ပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ကိုမျိုးကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here