မန္တလေးမြို့အ၀င် တိုးဂိတ်များတွင် Mandalay Smart Pay (MSP) နှင့် အလွယ်တကူ ငွေပေးချေနိုင်ပြီဟုဆို

135

 

မန္တ​လေး၊ စက်တင်ဘာ ၁၄

Covid-19 ကာကွယ်ရေးကာလ ငွေစက္ကူသုံးစွဲမှု လျော့ကျစေရေးအတွက် မန္တလေးမြို့အ၀င် တိုးဂိတ်များတွင် အခွန်အခပေးဆောင်ရာ၌ Mandalay Smart Pay (MSP) နှင့် အလွယ်တကူ ငွေပေးချေနိုင်ပြီဖြစ်ကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ပြောကြားသည်။

“Covid-19 ဒုတိယလှိုင်းမှာ အိမ်ပြင်မထွက်တာ အကောင်းဆုံးပါ၊ ကာလ ဘယ်လောက်ရှည်ကြာမယ်ဆိုတာ မသိရလို့ ငွေစက္ကူကတစ်ဆင့် ကူးစက်မှုကို လျှော့ချဖို့ MSP ရဲ့ ၀န်ဆောင်မှုတွေကို ကဏ္ဍပေါင်းစုံမှာ အသုံးပြုနိုင်​​အောင် ကြိုးစားနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးမြို့အ၀င် တိုးဂိတ်များ၌ အခွန်အခပေးဆောင်ရာတွင် ငွေအကြွေရှားပါးမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် Mandalay Smart Pay (MSP) ဖြင့် ကျသင့်ငွေအား ပေးဆောင်နိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး မိမိဖုန်းရှိ MSP Application မှတစ်ဆင့် QR Code ဖွင့်ပြလိုက်ရုံနှင့် Scan ဖတ်၍ ပေးဆောင်နိုင်မည်ဖြစ်ကြောင်း၊ ရှုပ်ထွေးမှုမရှိဘဲ ကျသင့်ငွေကို စက်မှ အလို အလျောက် တွက်ချက်ဖြတ်တောက်ကာ ဘောက်ချာဖြတ်ပိုင်း ထုတ်ပေးသွားမည် ဖြစ်သည့်အတွက် မန္တလေးမြို့နေ ပြည်သူများအားလုံးနှင့် မန္တလေးသို့ မကြာခဏလာရောက်လေ့ရှိသူများအားလုံး MSP ကို အသုံးပြုကြစေလိုကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၀င်လည်းဖြစ်၊ Smart City Officer လည်းဖြစ်သူ ဦးရဲမြတ်သူက တိုက်တွန်းသည်။

“မကြာခင် MSP နဲ့ ပြည်တွင်းအခွန်ပါ ဆောင်နိုင်တော့မှာပါ” ဟု မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ထပ်မံပြောဆိုသည်။

ယခုအခါ Mandalay Smart Pay (MSP) ဖြင့် မီတာခအပါအ၀င် စည်ပင်အခွန်များ စတင်ပေးဆောင်နိုင်နေပြီဖြစ်ပြီး ငွေပေးချေပြီးပါက ငွေပေးချေပြီးကြောင်း Auto Screenshot ကို Gallery ထဲ၌ အလိုအလျောက် သိမ်းဆည်းပေးသွားမည့်အပြင် နှစ်ကြိမ်ပေးချေမိခြင်းမျိုး မဖြစ်​စေရန်လည်း ပြုလုပ်ပေးထားကြောင်း သိရသည်။ Mandalay Smart Pay (MSP Wallet) ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ရတနာပုံဘဏ်နှင့် 2C2P ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ​အဆိုပါစနစ် ကျင့်သုံးခြင်းအတွက် စည်ပင်သာယာနှင့်ပတ်သက်သည့် ပေးဆောင်ရမည့်အခွန်အခများကို ​ငွေအ​​ကြွေအခက်အခဲ​ကြောင့် ပိုပေးရခြင်းမျိုးမရှိတော့ဘဲ တိတိကျကျပေးဆောင်နိုင်စေရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ပြောဆိုထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here