မန္တလေးမြို့အတွင်း Mobile Application ဖြင့် ဆိုင်ကယ် Taxi ငှားရမ်းခြင်းကို လာမည့် ၂ဝ၁၈  ခုနှစ် နှစ်ဆန်းပိုင်းမှစ၍  Grab  မှ  ဝန်ဆောင်မှုပေးမည်

1091

မန္တလေးမြို့အတွင်း Mobile Application ဖြင့် ဆိုင်ကယ် Taxi ငှား ရမ်းခြင်းကို Grab Myanmar မှ ယခု ဒီဇင်ဘာ ၇ ရက်မှ စတင် စမ်းသပ်ပြေးဆွဲနေပြီး ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အပြည့်အဝ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

” Grab ကနေ ၂ဝ၁၇ ခုနှစ်၊ မတ်လကစပြီး ရန်ကုန်မြို့မှာ ကား Taxi ဝန်ဆောင်မှု စပေးခဲ့ပါတယ်၊ အခု အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းမှာ မန္တလေးမှာ ချဲ့ထွင်တဲ့အနေ နဲ့ Grabbike ဆိုပြီး ဒီဇင်ဘာ ၇ ရက်ကစပြီး ဆိုင်ကယ် Taxi စမ်းသပ် ပြေးဆွဲနေပါပြီ၊ အခုက စမ်းသပ်ပြေးဆွဲတဲ့ကာလဆိုတော့ အစီးရေ နည်းသေးတယ်၊ လာမယ့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး နေရာအနှံ့မှာ အလွယ်တကူငှားရမ်းနိုင်အောင် အပြည့်အဝ ဝန်ဆောင်မှု ပေးသွားပါမယ်”ဟု Grab Myanmar မှ Country Head ဖြစ်သူ Mrs.Amrt Sagar က ပြောကြားသည်။

 

မန္တလေးမြို့သို့ လာရောက် လည်ပတ်သော ခရီးသွားများ အနေဖြင့် Grab Application ကို Google Play နှင့် App Store တို့တွင် အခမဲ့ Download ရယူထားနိုင်ပြီး Grabbike လမ်းကြောင်းများကို အလွယ်တကူကြည့်ရှုနိုင်ကာ ကြိုတင်ချိတ်ဆက်ထားပါက ခရီးသည်ရှိရာနေရာသို့ လာရောက် ကြိုပေးမည်ဖြစ်၍ သွားလိုရာသို့ လုံခြုံမှုရှိစွာ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ငှားရမ်းခနှုန်းထားများကိုလည်း ကြိုတင်သိရှိနိုင်ခြင်းကြောင့် စျေးဆစ်စရာမလိုဘဲ သွားလိုရာသို့ အမြန်ပို့ဆောင်ပေးနိုင်မည် ဖြစ်သောကြောင့် ခရီးသွားများအတွက် များစွာ အဆင်ပြေစေမည် ဖြစ်ကြောင်း Grab Myanmar မှ သိရသည်။

 

”အခုဆို ဒီဇင်ဘာ ၇ ရက် ကစပြီး ဆိုင်ကယ် Taxi အစီး ငါးဆယ်နဲ့ အစမ်း စပြေးနေပါတယ်၊ တူညီ ဂျာကင်ဝတ်စုံ၊ ဦးထုပ်ပါ အားလုံးဆင်တူဖြစ်သလို စျေးနှုန်းကအစ ပုံသေ သတ်မှတ်ထားတယ်၊ စျေးနှုန်းတွေကိုလည်း ဘယ်ခရီးကနေ ဘယ်ကိုသွားရင် ဘယ်လောက်ဆိုတာကို Mobile Application ကနေ ကြိုတင်ကြည့်ရှုနိုင်တယ်၊ ပြီးတော့ ဆိုင်ကယ် Taxi တွေမှာလည်း GPS တပ်ဆင်ပေးထားတဲ့အတွက် ဘယ်နေရာရောက်နေတယ်ဆိုတာကအစ စောင့်ကြပ်ကြည့်ရှုနိုင်တာကြောင့် ခရီးသွားတွေအတွက် လုံခြုံမှုရှိရှိနဲ့ လိုရာခရီးကို ပို့ဆောင်ပေးနိုင်ပါမယ်”ဟု Mrs.Amrt Sagar က ထပ်မံရှင်းပြသည်။

 

လာမည့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဝန်ဆောင်မှု အပြည့်အဝဖြင့် ပြေးဆွဲနိုင်ရန်အတွက် လက်ရှိ၌ လက်တွဲလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုလိုသော ဆိုင်ကယ် Taxi များကို ဖိတ်ခေါ်လျက်ရှိပြီး ဆိုင်ကယ်လိုင်စင်အပြည့်အစုံနှင့် ယာဉ်မောင်းလိုင်စင်ရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်းနှင့် ရပ်ကွက် ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူတို့ဖြင့် Grab မန္တလေးရုံးခွဲ ဝ၉-၉၅၃၃ဝ ၉ဝ၃၃ သို့ ဆက်သွယ်လျှောက်ထားနိုင်မည် ဖြစ်သည်။

 

Grab သည် ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုကို ၂ဝ၁၂ ခုနှစ်တွင် စတင်ခဲ့ပြီး စင်ကာပူနိုင်ငံ၌ ရုံးချုပ်ထားရှိကာ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ စသည့် အာရှခုနစ်နိုင်ငံတွင် ဝန်ဆောင်မှုပေးနေကြောင်း၊ မြန်မာ နိုင်ငံတွင် ဒုတိယမြောက်ခြေလှမ်းအဖြစ် မန္တလေးမြို့၌ Grabbike ဆိုင်ကယ် Taxi ဝန်ဆောင်မှုလုပ် ငန်းကို စတင်ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here