မန္တလေးမြို့အတွင်းရှိ ယာဉ်အပ်နှံခကောက်ခံခွင့် နေရာများအား လာမည့်နှစ် ခြောက်လအတွက် လေလံပစ်မည်

711

မန္တလေး၊ ဖေဖော်ဝါရီ
မန္တလေးမြို့တွင်း မြို့နယ်ခြောက်မြို့နယ်အတွင်းရှိ စက်ဘီး၊ ဆိုင်ကယ်၊ ကား စသော ယာဉ်အပ်နှံခကောက်ခံခွင့် ၄၅ နေရာနှင့် ယာဉ်ရပ်နား (ကန့်သတ်)ကောက်ခံခွင့် ခြောက်နေရာကို လာမည့်နှစ်အတွက် မတ်လ ဒုတိယပတ်အ တွင်း လေလံပစ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ယင်းသို့လာမည့်နှစ်အတွက် ခြောက်လစာသာလုပ်ကိုင်ခွင့်ပြုခြင်းမှာ အချို့လုပ်ငန်းအရှုံးပြသောလုပ်ငန်းရှင်များ အတွက် အဆင်ပြေစေရန်လည်းကောင်း၊ စည်းကမ်းအကြိမ်ကြိမ်ဖောက်ဖျက်သော လုပ်ငန်းရှင်များကို အမြဲသတိပေးနေရပြီး ရေရှည်လက်တွဲ မလုပ်ကိုင်လိုခြင်းကြောင့်လည်းကောင်း စသော စည်ပင်၊ လုပ်ငန်းရှင်၊ ပြည်သူ သုံးဦးသုံးဖက်အဆင်ပြေစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ခြောက်လတစ်ကြိမ် လေလံပစ်ခြင်းဖြင့် လုပ်ငန်းရှင်များအတွက်လည်း သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းကို ကြပ်မတ်သွားနိုင်မည်ဖြစ်ပြီး မြို့တော်စည်ပင်အတွက်လည်း အခွန်ငွေပိုမိုရရှိနိုင်ရန်မျှော်လင့်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ဇောအောင်က ပြောသည်။

”အဓိကကတော့စည်းကမ်းတကျလုပ်ကိုင်မယ့်လုပ်ငန်းရှင်အသစ်တွေ၊လူငယ်လုပ်ငန်းရှင်တွေကိုပါဝင်စေချင်တယ်၊ တချို့မတတ်နိုင်တဲ့လူငယ်တွေဆို နှစ်ဦး၊သုံးဦးစပ်ပြီး လေလံဆွဲလို့ရနေတာပဲ၊ ဒါရိုးရိုးသားသား စီးပွားရှာတာပဲလေ၊ ပြီးတော့ အခုခေတ်က လက်သိပ်ထိုးပြီး လေလံလုပ်ကိုင်ခွင့်ပေးလို့ရတဲ့ခေတ်လည်း မဟုတ်တော့ဘူး၊ စျေးပြိုင်ဆွဲပြီး နိုင်တဲ့သူ လုပ်ကိုင်ခွင့်ရမှာပဲ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မန္တလေးမြို့ရှိ မြို့နယ်ခြောက်မြို့နယ်အတွင်း ယာဉ်အပ်နှံခကောက်ခံခွင့် ၄၅ နေရာတွင် စျေးချို ပတ်လည်သုံးနေရာ၊ မန်းသီရိ စျေးအနောက်ဘက်၊ ညောင်ပင်စျေး (၈၆ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်း) ကြား၊ ဘုရားကြီးစျေးတောင်ဘက်စသော နေရာများ ပါဝင်မည်ဖြစ်ပြီး ယာဉ်ရပ်နား(ကန့်သတ်) ကောက်ခံခွင့် ခြောက်နေရာတွင် ဆေးရုံကြီး ရှေ့(လမ်း ၃ဝ၊ ၇၄ လမ်းနှင့် ၇၈ လမ်းကြား)၊ လမ်း ၈ဝ (၂၇ လမ်း နှင့် ၃၃ လမ်းကြား)၊ ၂၆ လမ်း(လမ်း ၈ဝ နှင့် ၈၄ လမ်းကြား) စသော နေရာများ ပါဝင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။

ယာဉ်ရပ်နား (ကန့်သတ်) ကောက်ခံခွင့်လေလံအား မတ် ၁၄ ရက်တွင် ရောင်းချမည်ဖြစ်ပြီး စက်ဘီး၊ ဆိုင်ကယ်၊ ကားအပ်နှံ ကောက်ခံမှုကို မတ် ၁၂ ရက်တွင် လေလံတင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာအား လေလံတင်ရောင်းချမည့် ရက်မတိုင်မီ နှစ်ရက်ကြို၍ အခွန်ဌာနသို့ တင်သွင်းရမည် ဖြစ်ကြောင်း၊ လေလံလျှောက်လွှာ ရောင်းချမှုနှင့် စပေါ်ငွေ လက်ခံမှုကို မတ် ၆ ရက် နောက်ဆုံးထား လက်ခံသွားမည် ဖြစ်ကြောင်း အခွန်ဌာနမှသိရသည်။
ပြည်ဘုန်းမောင်၊ ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here