မန္တလေးမြို့ရှိ  ရပ်ကွက်များအတွင်း Slow Down များပြုလုပ်ခြင်းကို  တရားဝင်ခွင့်ပြုထားခြင်း  မရှိဟု ဆို

560

မန္တလေး၊ မတ်

မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်း ယခုအခါ ရပ်ကွက်နေပြည်သူများက ယာဉ်အန္တရာယ်ကင်းစေရန် ရည်ရွယ်၍ အရှိန်ထိန်းတုံးများ(Slow Down)ကို မိမိတို့ အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိရာ ယင်းသို့ပြုလုပ်ခြင်းမှာ တရားဝင် ခွင့်ပေးထားခြင်းမရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

”ရပ်ကွက်တွေထဲမှာ Slow Down (အရှိန်ထိန်းတုံး) လုပ်မယ်ဆိုရင် မြို့တော်စည်ပင်ကို အရင်အကြောင်းကြားရပါတယ်၊ စည်ပင် ခွင့်ပြုချက် ပေးမှ Slow Down လုပ်ခွင့်ရှိပါတယ်၊ အခု ရပ်ကွက်တွေထဲမှာ လုပ်နေကြတဲ့ Slow Down တွေက တရားဝင်ခွင့်ပြုထားခြင်းမရှိပါဘူး”ဟု ‘မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာန’ဌာနမှူး ဦးမျိုးအောင်က ပြောသည်။

မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်အရှိန်ပြင်းမောင်းနှင်သူ အချို့ကြောင့် ဆိုင်ကယ်မတော်တဆဖြစ်ပွားခြင်းများရှိသဖြင့် မိမိအစီအစဉ် နှင့် မိမိ Slow Down များ ပြုလုပ်လာကြခြင်း ဖြစ်ကြောင်း၊ လက်ရှိ ရပ်ကွက်များအတွင်း Slow Down များ လုပ်ဆောင်နေမှုကို လတ်တလောတွင် အရေးယူမှုများ မလုပ်နိုင်သော်လည်း နောက်ပိုင်း၌ လမ်းအသစ်ခင်းမှုရှိတိုင်း ကြိုတင်သတိပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

”အခု ရပ်ကွက်တွေအတွင်းမှာ Slow Down လုပ်ထားတာတွေက အများကြီးဖြစ်နေတယ်၊ ဒါကို အခုအချိန်မှ အရေးယူ ကြပ်မတ်ဖို့ကျတော့ သိပ်အဆင်မပြေဘူး ဖြစ်နေတယ်၊ ဥပဒေမှာတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်ခွင့်မရှိဘူး၊ ဒါကြောင့် နောက်ပိုင်းခင်းမယ့်လမ်းတွေမှာ ရပ်ကွက် အုပ်ချုပ်ရေးတွေကနေတစ်ဆင့် ကြိုတင်ကြပ်မတ်တာတွေ လုပ်ဆောင်သွားမှာပါ”ဟု ‘လမ်းနှင့် တံတားဌာနမှူး’ ဦးမျိုးအောင်က ထပ်မံဆိုသည်။

မန္တလေးမြို့ရှိ ရပ်ကွက်များအတွင်း ယင်းသို့ Slow Down များ ပြုလုပ်မှုမှာ ရပ်ကွက်နေပြည်သူများအတွက် ယာဉ်အန္တရာယ်ကင်းစေနိုင်သော် လည်း ယာဉ်သွား၊ ယာဉ်လာများအတွက် နှောင့်နှေးကြန့်ကြာမှု များစွာ ဖြစ်ပေါ်စေပြီး အချို့ဆိုင်ကယ်များမှာ အင်ဂျင်နှင့် Slow Down မလွတ် သည့် အခက်အခဲများနှင့်ပါ ရင်ဆိုင်ရကြောင်း မန္တလေးမြို့ခံအချို့က ဆို သည်။

”ဥပဒေအရ Slow Down တွေ လုပ်ခွင့်မရှိပေမဲ့ တကယ်လို့ လုပ်မှ ဖြစ်မယ်ဆိုလည်း အမြင့်ကို အတိုင်းအတာတစ်ခုလေးအထိပဲ လုပ်စေချင်တယ်၊ အခုဟာက တချို့အောက်ပိုင်းနိမ့်တဲ့ ဆိုင်ကယ်တွေတင် မကဘူး၊ ကားတွေကအစ အခက်အခဲဖြစ်နေရတယ်”ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here