မန္တလေးမြို့ရှိ ဆိုင်ကယ် Taxi များ လုပ်ငန်းလိုင်စင်အသစ် ပြုလုပ်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းတို့ကို လာမည့် အောက်တိုဘာ ၁ ရက်မှ စတင်လုပ်ဆောင်ပေးမည်

107

မန္တ​လေး၊ စက်တင်ဘာ ၁၉

မန္တလေးမြို့ရှိ ဆိုင်ကယ် Taxi များ လုပ်ငန်းလိုင်စင်အသစ်ပြုလုပ်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ အဆိုပါလိုင်စင်များ သက်တမ်းတိုးခြင်းတို့ကို လာမည့် အောက်တိုဘာ ၁ ရက်မှ စတင်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။

“လုပ်ငန်းလိုင်စင် မလျှောက်ရသေးတဲ့ ဆိုင်ကယ် Taxi တွေလည်း လာရောက်လျှောက်ထားနိုင်သလို အရင်နှစ်က လိုင်စင်လျှောက်ထားတဲ့သူတွေလည်း သက်တမ်းပြည့်လို့ သက်တမ်းတိုးမယ်ဆိုရင် လာမယ့် အောက်တိုဘာ ၁ ရက်ကနေ စတိုးခွင့်ပြုမှာဖြစ်ပါတယ်” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့အတွင်းရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ် စုစုပေါင်း မြို့နယ် ​ခြောက်မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော ဆိုင်ကယ် Taxi များအနေဖြင့် လုပ်ငန်းလိုင်စင်အသစ်ပြုလုပ်ခြင်း၊ မှတ်ပုံတင်ခြင်း (သို့) သက်တမ်းတိုးခြင်းတို့ပြုလုပ်လိုပါက ၃၅လမ်း၊ ၇၁လမ်းထောင့်ရှိ အနှေးယာဉ်ဌာနခွဲရုံးတွင် လာမည့် အောက်တိုဘာ ၁ ရက်မှ စ၍ လာရောက်ပြုလုပ်နိုင်ကြောင်း၊ တရား၀င်မှတ်ပုံတင် စတင်လျှောက်မည့် ဆိုင်ကယ် Taxi များအနေဖြင့် ပတ်စ်ပို့ဓာတ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စသည်တို့ လိုအပ်မည်ဖြစ်ပြီး မှတ်ပုံတင်ပြီးသား ဆိုင်ကယ် Taxi များမှာမူ လုပ်ငန်းလိုင်စင် မူရင်း/မိတ္တူနှင့် မှတ်ပုံတင်မူရင်း/မိတ္တူ စသည်တို့သာ လိုအပ်မည်ဖြစ်ကြောင်း စီမံရေးရာဌာနမှ ထပ်မံသိရသည်။

“မှတ်ပုံတင်လာတဲ့ ဆိုင်ကယ် Taxi ယာဉ်မောင်းတွေအတွက် Waist Coat အင်္ကျီသီးသန့်သတ်မှတ်ထားသလို နံပါတ်ကိုယ်စီနဲ့ ထုတ်ပေးထားတယ်၊ ရှေ့နောက် နံပါတ်တွေက တစ်မြို့နယ်နဲ့ တစ်မြို့နယ် မတူဘူး၊ အဓိကကတော့ ခရီးသည်တွေအနေနဲ့ Taxi ငှားရင် တရား၀င်နံပါတ်နဲ့ ထုတ်ပေးထားတဲ့ Waist Coat ၀တ်ဆင်ထားသူတွေကိုပဲ ငှားစေချင်တာရယ်၊ လိမ်လည်ခေါ်ဆောင်ပြီး လုယက်တာတွေ စတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ပပျောက်အောင်လို့ရယ် ရည်ရွယ်တယ်၊ ဆိုင်ကယ် Taxi တွေအတွက် အခုလို လုပ်ဆောင်ပေးတဲ့အခါမှာလည်း ကျန်းမာရေး၀န်ကြီးဌာနရဲ့ ညွှန်ကြားချက်​တွေနဲ့အညီ လုပ်ဆောင်သွားမယ်၊ ကာလကတော့ အောက်တိုဘာ ၁ ရက်ကနေ စမယ်၊ ဒီဇင်ဘာ ၃၁ ရက်အထိပေါ့၊ နှစ်လအတွင်း ရုံးဖွင့်ရက်တိုင်း အနှေးယာဉ်ဌာနခွဲမှာ လာရောက်လုပ်ဆောင်လို့ရပါတယ်” ဟု အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးမြို့ မြို့နယ် ​ခြောက်မြို့နယ်အတွင်း ကောက်ယူထားသောစာရင်းများအရ ယာဉ်ရပ်နားစခန်းများ အပါအ၀င် ဆိုင်ကယ် Taxi အဖွဲ့ပေါင်း ၁၄၇ ဖွဲ့ရှိပြီး အငှားလိုက်နေသော ဆိုင်ကယ်အစီး​ရေ ၁,၈၆၀ ရှိကာ ၂၀၁၉ ခုနှစ်၊ ဇွန်လဆန်းပိုင်းအထိ အနှေးယာဉ်ဌာနခွဲသို့ တရား၀င်မှတ်ပုံတင်လာလျှောက်သည့် ဆိုင်ကယ် Taxi ပေါင်း ၁,၀၆၃ စီးရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့ဖူးသည်။

ယခုအခါ လာမည့် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ဆိုင်ကယ် Taxi လုပ်ငန်းလိုင်စင်အသစ်ပြုလုပ်ခြင်းနှင့် မှတ်ပုံတင်ပါက ငွေကျပ် တစ်သောင်း ကျသင့်မည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်သက်တမ်းတိုးပါက ငွေကျပ် ငါး​ထောင်သာ ကျသင့်မည်ဖြစ်ကြောင်း စီမံရေးရာဌာန၊ အနှေးယာဉ်ဌာနခွဲမှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

ဓာတ်ပုံ- ၂၀၁၉ ခုနှစ်က မန္တလေးမြို့ သီရိမန္တလာကားကြီးကွင်းအတွင်း ဧည့်ခေါ်နေကြသော ဆိုင်ကယ် Taxi များအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here