မန္တလေးမြို့ရောက် Brand New ဆိုင်ကယ် (Adixin N19)

2115

အရည်အသွေးပိုင်းကိုဦးစားပေးထုတ်လုပ်ထားတဲ့ ADIXIN N19

ဆိုင်ကယ်မြို့တော်ဖြစ်တဲ့ မန္တလေးမြို့ရဲ့ဆိုင်ကယ်စျေးကွက်ထဲကို အခုလဆန်းပိုင်းမှာ Adixin ရဲ့ ၂ဝ၁၈ ဒီဇိုင်းသစ် အင်ဂျင်ပါဝါ 400 CC နဲ့ N19 ဘီးကြီးဆိုင်ကယ် ဝင်ရောက်လာပါတယ်။

ရေတိုင်ကီပါရှိတာကြောင့် ဟိုင်းဝေးခရီးအသုံးပြုရာမှာ အင်ဂျင်အပူလွန်ကဲမှုသက်သာစေနိုင်တဲ့အပြင် ပါဝါထွက်အားကောင်းတဲ့ အိတ်ဇောနှစ်ပေါက်လေးလုံးထိုးအိတ်ဇောဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဆိုင်ကယ်ဒီဇိုင်းအပြင်အိတ်ဇောဒီဇိုင်းကလဲ ဆိုင်ကယ်အသုံးပြုသူ လူငယ်တွေကိုဆွဲဆောင်နိုင်တဲ့ဒီဇိုင်းမျိုးဖြစ်ပြီး တရုတ်နိုင်ငံထုတ်ဖြစ်ပေမယ့် အရည်အသွေးကို အဆင့်မီထုတ်လုပ်ထားတာကြောင့် အရည်အသွေးပိုင်းကောင်းမွန်မှု ရှိတဲ့ဆိုင်ကယ်အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။ ဒီဇိုင်းက လက်ရှိရေပန်းစားပြီး လူငယ်အများစုအကြိုက်ဖြစ်တဲ့ KAWASAKI  Z 1000 နဲ့ ဒီဇိုင်းဆင်တူတာတွေ့ရပါတယ်။

ဆိုင်ကယ်ကိုယ်ထည်နဲ့ လိုက်ဖက်တဲ့ဒီဇိုင်းအပြင် စလစ်ဖြစ်မှုကင်းဝေးနိုင်အောင် Tubeless တာယာကြီး အသုံးပြုထားပြီး ရှေ့နောက် Disc ဘရိတ်အသုံးပြုထားပါတယ်။ 4-Stroke ဆလင်ဒါ နှစ်လုံး၊ ပလပ်နှစ်လုံးပါ အင်ဂျင်အမျိုးအစားဖြစ်ပြီး ရေတိုင်ကီအပြင် ပန်ကာပါ ပါရှိလို့ အင်ဂျင် Heat အတွက် အထူးကောင်းမွန်အောင် တည်ဆောက်ထားတဲ့အင်ဂျင်အမျိုးအစားဖြစ်ပါတယ်။

ဆိုင်ကယ်ကာဗာသား၊ သံသား၊ ဆေးသားတွေကို အထူးကောင်းမွန်အောင် ပြုလုပ်ထားပြီး အိတ်ဇောသံကိုလည်း လူငယ်ကြိုက်ဘီးကြီးအိတ်ဇောသံဖြစ်အောင် ဖန်တီးထားတာကလဲ ဒီဆိုင်ကယ်ရဲ့ ဆွဲဆောင်မှုတစ်ခုလို့ ဆိုပါတယ်။ ကာပရိုက်တာ Type ဖြစ်ပြီး အင်ဂျင်ပါဝါကြီးတာကြောင့် ဆီစားနှုန်းကတော့ အနည်းငယ်များနိုင်ပြီး စက်သုံးဆီငါးဂါလံကျော်ဆံ့ဆီတိုင်ကီ ပါရှိပါတယ်။ ဆီအသုံးပြုမှုကိုတော့ အင်ဂျင် အဆွဲအရုန်း ပိုကောင်းအောင် Octane 95ဆီကို အသုံးပြုသင့်တယ်လို့ အကြံပြုထားပါတယ်။

ဂီယာ ၆ ချက်ပါရှိပြီး ဒီဇိုင်းလှတာကြောင့် လူငယ်အများစုအကြိုက် တွေ့တဲ့ ဆိုင်ကယ်အမျိုးအစားဖြစ်လာနိုင်တယ်လို့Adixin ဆိုင်ကယ်တွေကို မန္တလေးမြို့ဆိုင်ကယ်စျေးကွက်မှာ တင်သွင်းဖြန့်ဖြူးတဲ့ ODYSSEY ဆိုင်ကယ်အရောင်းပြခန်းကနေ သိရပါတယ်။ အရောင်အနေနဲ့ကတော့ လက်ရှိမှာ လူငယ်ကြိုက် အနီရောင်တစ်မျိုးသာ ထွက်ရှိပေမယ့် နောက်ပိုင်းမှာတော့ ဆိုင်ကယ်အသုံးပြုသူတွေရဲ့လိုအပ်ချက်အရ ကာလာစုံထုတ်လုပ်သွားမယ်လို့ Adixin ကုမ္ပဏီမှ ထုတ်ပြန်ထားပါတယ်။

ဒီဆိုင်ကယ်ဒီဇိုင်းက Adixin ရဲ့ ပထမဆုံး ဒီဇိုင်းသစ်ဖြစ်ပြီး ဆိုင်ကယ်အရည်အသွေးက ဥရောပနိုင်ငံတင်ပို့တဲ့ ဆိုင်ကယ်အရည်အသွေးအထိ အသုံးပြုထားပြီး မြန်မာနိုင်ငံစျေးကွက်ကိုတော့ အခုမှစတင်မိတ်ဆက်တာဖြစ်တယ်လို့ သိရပါတယ်။ အရည်အသွေးပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ဒီဆိုင်ကယ်ကို မြန်မာနိုင်ငံစျေးကွက်မှာစတင်မိတ်ဆက်တာဖြစ်ပြီး ဆိုင်ကယ်ချစ်သူလူငယ်တွေအတွက်အရည်အသွေးမြင့်ဘီးကြီးကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်အောင်တင်သွင်းရောင်းချခြင်းဖြစ်တယ်လို့ သိရပါတယ်။

၂ဝ၁၈ မိုဒယ် Adixin N19 ဆိုင်ကယ်ရဲ့ စျေးနှုန်းကတော့ ကျပ် ၄၉ သိန်းဝန်းကျင်ရှိပြီး အင်ဂျင်အာမခံ ၆ လ ပါရှိပါတယ်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here