အော်တိုဂီယာထဲမှာ အင်ဂျင်ပါဝါကြီးပြီး လူငယ်ကြိုက် ကာဗာဒီဇိုင်းတွေနဲ့ မန္တလေးမြို့ ဆိုင်ကယ်စျေးကွက်ထဲကို ယခုတစ်ပတ်မှာ ၂ဝ၁၈မိုဒယ် ဗီယက်နမ်နိုင်ငံထုတ် Yamaha NVX အော်တိုဂီယာဆိုင်ကယ်အမျိုးအစားဝင်ရောက်လာပါတယ်။
အင်ဂျင်ပါဝါ 155 CC ရှိပြီး 4-Stroke, SOHC, 2-Valve နဲ့ Liquid-Cooled အင်ဂျင်အမျိုးအစားဖြစ်လို့ အင်ဂျင်အပူလွန်ကဲမှု သက်သာစေပြီး ဟိုင်းဝေးခရီးအတွက်ပါ အသုံးပြုနိုင်ပါလိမ့်မယ်။ Liquid Cooled အင်ဂျင်ရဲ့ အားသာချက်တွေကတော့ သတ်မှတ်အပူချိန်ကို ရောက်ရှိသွားရင် ဘားအတွင်းမှရေပွင့်လာပြီး အင်ဂျင်အတွင်းလည်ပတ်စေကာ အအေးခံတဲ့စနစ်ဖြစ်ပါတယ်။
ဒါ့အပြင် အင်ဂျင်ပါဝါအပြည့်ရရှိစေပြီး အရှိန်ပိုကောင်းစေနိုင်တဲ့VVA(Variable Valve Actuation)စနစ်ထည့်သွင်းပေးထားတာကလဲ NVX ဆိုင်ကယ်တွေရဲ့ ထူးခြားမှုဖြစ်တယ်လို့ သိရပါတယ်။ Yamaha ဆိုင်ကယ်တွေမှာ အသုံးပြုထားတဲ့ ပြင်ပလေကိုအသုံးပြုပြီးအင်ဂျင်အေးအောင်လုပ်ဆောင်ပေးတဲ့ နည်းပညာမြင့် Blue Core Technology က အင်ဂျင်အအေးပေးနစ်ကို အထူးကောင်းမွန်စေပါတယ်။
ဆိုင်ကယ်ဒီဇိုင်းထူးခြားမှုအရနဲ့ အင်ဂျင်ပါဝါတွေကြောင့်ဆိုင်ကယ်အသုံးပြုသူ လူငယ်တွေအကြိုက် ဆိုင်ကယ်အမျိုးအစားဖြစ်လာနိုင်တယ် လို့ Yamaha ဆိုင်ကယ်တွေကို မန္တလေးစျေးကွက်မှာ ဖြန့်ဖြူးရောင်းချပေးတဲ့ Eight Cloud Public ကုမ္ပဏီကဆိုထားပါတယ်။ ဆိုင်ကယ်ရဲ့ Tool Box ကဆိုင်ကယ်ဦးထုပ်နှစ်လုံးထည့်ထားနိုင်အောင်ကျယ်ပြီး Charging ပေါက်လဲ ပါရှိပါတယ်။
ဆီတိုင်ကီကို Tool Boxဖွင့်စရာမလိုအောင် ရှေ့ခွကြားမှာထည့်သွင်းပေးထားပြီး အော်တိုဆိုင်ကယ်ဖြစ်ပေမယ့် ဒီဇိုင်းကို ဘီးကြီးပုံစံ ခပ် မိုက်မိုက်ပုံစံထုတ်လုပ်ထားတာပါ။ ဆိုင်ကယ်ဘီးကြီးတွေလို Tubeless တာယာဆိုဒ်ကြီးတွေကို အသုံးပြုထားပြီး၊ အင်ဂျင်နဲ့ ကိုယ်ထည်ကြီးတာကြောင့်လည်း Safetyပိုင်းကိုလဲ စိတ်ချရမှာဖြစ်ပါတယ်။
နောက်ကိုင်းပျောက်ဒီဇိုင်း၊ဒလက်ဘီး၊နာရီ၊ကီလိုမီတာ၊ ဆီ အချက်ပြပေးတဲ့ ဒစ်ဂျစ်တယ်ဒိုင်ခွက်ပါရှိပြီး ရှေ့ဒစ်၊နောက်ဟတ် ဘရိတ် အသုံးပြုထားပါတယ်။ အင်ဂျင်ပါဝါကြီးပေမယ့် EFI စနစ်ဖြစ်လို့ ဆီစားသက်သာပြီး စက်သုံးဆီ တစ်လီတာကို မိုင်သုံးဆယ်နီးပါး အသုံးပြုနိုင်ပါတယ်။ဆီတိုင်ကီအတွင်းမှာတော့ ဆီ 4.6 Literထည့်နိုင်ပြီး ဆီအသုံးပြုမှုအနေနဲ့ကတော့ Octane 92/95 ဆီအသုံးပြုပါက အင်ဂျင်ဆွဲ/ရုန်း ပိုမိုကောင်းမွန်စေနိုင်မယ်လို့ အကြံပြုထားပါတယ်။ ၂ဝ၁၈ မိုဒယ် Yamaha NVX ဆိုင်ကယ်ကို လူငယ်ကြိုက်ကာလာ တွေဖြစ်တဲ့ အဖြူ၊အနက်နှစ်ရောင်သာ ထုတ်လုပ်ထားပြီး စျေးနှုန်းကတော့ ကျပ် ၂၅ သိန်းငါးသောင်းဝန်းကျင်ဖြစ်ပြီး အာမခံ တစ်နှစ် (ဒါမှမဟုတ်) ကီလိုမီတာ တစ်သောင်း ပါရှိကာ Free Check Service ငါးကြိမ် ပြုလုပ်ပေးပါတယ်။
ပြည်ဘုန်းမောင်