မန္တလေးမြို့ရောက် Brand New ဆိုင်ကယ် Harley-Davidson Fat BoB

957

လူငယ်ဆန်တဲ့ဒီဇိုင်းဘက်ကို ဦးစားပေးထုတ်လုပ်ထားတဲ့ Softail မိသားစုဝင် ၂ဝ၁၈ မိုဒယ် Harley-Davidson Fat BoB ဆိုင်ကယ်ဟာ ဆိုင်ကယ်ရုပ်ထွက်ကအစ ပြောင်းလဲသွားခဲ့ပါတယ်။

အရင်မိုဒယ်မှာတော့ Softail မိသားစုဝင်မဟုတ်ပေမယ့် ယခု ၂ဝ၁၈ မိုဒယ်မှာတော့ Softail ဖရိန်နဲ့ သက်တောင့်သက်သာရှိမယ့်အပြင် ဆိုင်ကယ်တစ်စီးလုံးရဲ့ရုပ်ထွက်ကလည်း အရင် Harley-Davidson မူရင်းပုံစံကနေခွဲထွက်ပြီး လူငယ်ဆန်ဆန်ဒီဇိုင်းနဲ့ထွက်ရှိလာတာပါ။ ဘယ်လိုလမ်းမျိုးမှာမဆိုအသုံးပြုရအဆင်ပြေအောင် ပန်းတာယာအကြီးတွေကို အသုံးပြုထားပြီး အိတ်ဇောပိုက်ပုံစံကလည်း လူငယ်ကြိုက်(၂-၁-၂)နဲ့ ထုတ်လုပ်ထားတာပါ။ခါးရှော့ဘားကိုလဲ Harley Davidson Fat Boy ပုံစံအတိုင်းဆိုင်ကယ်ဖင်ထိုင်ခုံအောက်မှာ ခါးလျှော့ဘားအနေနဲ့အလျှော့အတင်းလုပ်နိုင်တဲ့ Pre-load လျှော့ဘားအဖြစ် ပါရှိလာတာကလဲ ဆိုင်ကယ်စီးနင်းရာမှာ ငြိမ့်ညောင်းမှုပိုမိရှိစေနိုင်တယ်လို့ သိရပါတယ်။

Harley-Davidson ဆိုင်ကယ်တွေမှာ ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ လေးထောင့်ပုံစံမီးခွက်ဒီဇိုင်းနဲ့ တစ်ဖက်လူရဲ့မျက်စိစူးရှမှုလျှော့ချပေးပြီး အလင်းအားကောင်းတဲ့ Day Maker Signature ကလဲ Fat BoB ရဲ့ဆွဲဆောင်မှုတစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ဟိုင်းဝေးခရီးနဲ့ အကွေ့အကောက်များတဲ့ လမ်းကြမ်းတွေမှာပါ အလွယ်တကူထိန်းသိမ်းရလွယ်ကူနိုင်တဲ့ Drag Bar လို့ခေါ်တဲ့ လက်ကိုင်ဒီဇိုင်းကို အသုံးပြုထားပါတယ်။

ပြီးတော့ Off-Road လမ်းကြမ်းတွေမှာ စိတ်ချစွာမောင်းနှင်နိုင်အောင်လို့ ဆိုင်ကယ်အနောက်မားကတ်နဲ့ ဆိုင်ကယ်ဘီးကို အနည်းငယ်ကွာဟပေးထားပြီး မားကတ်ဒီဇိုင်းပုံစံ ပြောင်းလဲထားပေးတာကလဲ လမ်းကြမ်းအသုံးပြုသူတွေ အကြိုက်တွေ့စေနိုင်လိမ့်မယ်လို့ဆိုပါတယ်။ Harley-Davidson ရဲ့ထုံးစံအတိုင်း ဆိုင်ကယ်အင်ဂျင်က(107 Cubic Inches နဲ့ 114 Cubic Inches) ဆိုပြီး အင်ဂျင်နှစ်မျိုးထုတ်လုပ်ထားပါတယ်။ အရင်က Harley-Davidson ဆိုင်ကယ်ဆိုတာ Rider ဆန်ဆန် လေးဆယ်ကျော်လူလတ်တန်းစားတွေ အများဆုံးစီးတဲ့ ဆိုင်ကယ်အမျိုးအစားဖြစ်ပြီး နောက်ပိုင်း Harley-Davidson ကို လူငယ်တွေစိတ်ဝင်စားမှုရှိလာတာနဲ့ အမျှ အခုမိုဒယ်သစ် Harley-Davidson Fat BoB ဆိုင်ကယ်က ဆိုင်ကယ်အသုံးပြုသူ လူငယ်စျေးကွက်ကို ထိုးဖောက်ထုတ်လုပ်ထားတဲ့ပုံစံဖြစ်ပြီး Harley-Davidson ဆိုင်ကယ်တွေထဲမှာထူးထူးခြားခြား ကွဲထွက်လာတဲ့ ဒီဇိုင်းဖြစ်တယ်လို့ သိရပါတယ်။ Softail မိသားစုဒီဇိုင်း ဖြစ်တာကြောင့် ထိန်းသိမ်းရပေါ့ပါးပြီး လုံခြုံမှုအထူးကောင်းမွန်တဲ့ Smart Key ပုံစံထုတ်လုပ်ထားပြီး ရပ်ထားစဉ် ၅၂၆ ကီလိုဂရမ် (၁၁၅၉ ပေါင်) နှင့် မောင်းနှင်စဉ် ၃ဝ၆ ကီလိုဂရမ် (၆၇၄ ပေါင်)အလေးချိန်ရှိလို့ အရမ်းပေါ့ပါးပြီးထိန်းသိမ်းရလွယ်ကူအောင် တည်ဆောက်ထားတယ်လို့ သိရပါတယ်။

ဂီယာ ၆ ချက်ဖြစ်ပြီး ABS ဘရိတ်စနစ်နဲ့ တာယာဆိုဒ်တွေက ရှေ့နောက် ၁၆ လက်မတာယာတွေ တပ်ဆင်အသုံးပြုထားပါတယ်။စက်သုံးဆီ ၃ ဂါလန် ( ၁၃ .၆ လီတာ ) ဆံ့ဆီတိုင်ကီပါရှိပြီး ဆီတစ်ဂါလံကို ၄၄မိုင်အထိ အသုံးပြုနိုင်ပါတယ်။ ဆီအသုံးပြုမှုအနေနဲ့ကတော့  Octane 95 Ron ဆီကို အသုံးပြုပါက အင်ဂျင်ဆွဲ၊ရုန်း ပိုပိုကောင်းမွန်စေနိုင်ပါလိမ့် မယ်။ အရောင်တွေအနေနဲ့ Vivid Black ၊ Black Denim ၊ Red Iron Denim ၊ Bonneville Salt Denim ဆိုပြီး လေးရောင်ထွက်ရှိကာ ယခုနှစ်မှာ ကာလာသစ်အဖြစ်ထွက်ရှိတဲ့ Red Iron Denim ကတော့ လူငယ်ကြိုက်အရောင်ဖြစ်တယ်လို့ သိရပါတယ်။

၂ဝ၁၈ မိုဒယ် Harley-Davidson Fat BoB ရဲ့ စျေးနှုန်းတွေကတော့ Fat BoB 107(FLFB) Vivid Black ကို ကျပ် ၃၄၇ သိန်း၊ အခြားကာလာနဲ့က ကျပ်သိန်း ၃၅ဝ၊ Fat BoB 114(FLFBS) Vivid Black ကိုကျပ် ၃၆၅သိန်း၊ အခြားကာလာနဲ့ကကျပ်သိန်း ၃၇ဝ ဖြစ်ပြီး လိုင်စင်အပြီးအစီးစျေးများဖြစ်ကာ အာမခံ ၂ နှစ် ပါရှိတယ်လို့ သိရပါတယ်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here