မန္တလေးမြို့နှင့် မန္တလေးတိုင်းပြင်ပ ယာဉ်လိုင်းများ ဇွန် ၁ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြု

214

 

မန္တလေး၊ မေ ၃၁

မန္တလေးမြို့နှင့် မန္တလေးတိုင်းပြင်ပ ပြေးဆွဲသောယာဉ်လိုင်းများကို ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကတည်းက ပိတ်ပင်ထားသော်လည်း ဖြေလျှော့မှုများ အဆင့်ဆင့်လုပ်ဆောင်သည့်အနေဖြင့် ဇွန် ၁ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“ဖြေလျှော့မှုတချို့ လုပ်ပါမယ်၊ မော်တော်ယာဉ်လိုင်းတွေကို ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့စံသတ်မှတ်ချက်တွေနဲ့အညီ ပြန်လည်ပြေးဆွဲစေတာမျိုး လုပ်လိမ့်မယ်” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ အခြားတိုင်းနှင့်ပြည်နယ်များရှိ မြို့အသီးသီးမှ ပြေးဆွဲသော အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများကို ပြီးခဲ့သည့် ဧပြီ ၇ ရက်က ပြေးဆွဲမှု စတင်ပိတ်ပင်ခဲ့ပြီး မေ ၁၆ ရက်တွင်မူ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ချင်းဆက် ယာဉ်လိုင်းများကို ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သည်။ ထိုသို့ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်ချင်းဆက် ယာဉ်လိုင်းများကို ပြေးဆွဲခွင့်ပြုခဲ့သော်လည်း အခြားတိုင်းနှင့်ပြည်နယ်များမှ ပြေးဆွဲသော ယာဉ်လိုင်းများကို ပြေးဆွဲခွင့်ဆက်လက်ပိတ်ပင်ခဲ့ကာ လာမည့် ဇွန် ၁ ရက်မှစ၍ ပြန်လည်ပြေးဆွဲခွင့်ပေးပြီး ဖြေလျှော့မှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“ပြည်တွင်းမှာနေတဲ့သူတွေကတော့ မန္တလေးတိုင်းကိုလာရင် Quarantine ဝင်စရာမလိုတော့ဘူး၊ ပြည်တော်ပြန်တွေကိုတော့ စနစ်တကျ Quarantine ဝင်ရောက်စေမှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးဇာနည်အောင်က ထပ်မံဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို ယခင်က ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ရာမှ လာမည့် ဇွန် ၁ ရက်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စံသတ်မှတ်ချက်များနှင့်အညီ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချစေမည်ဖြစ်ကာ ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည့် ရုပ်ရှင်ရုံများ၊ ကေတီဗီများကိုမူ ပြန်လည်ခွင့်ပြုရန် အစီအစဉ်မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here