မန္တလေး၊ စက်တင်ဘာ ၂၆
မန္တလေးမြို့ရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ် မြို့နယ်သုံးခုအား Stay at Home သတ်မှတ်လိုက်ပြီး စျေး၀ယ်ထွက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်တစ်ဦး၊ ဆေးရုံ၊ ဆေးခန်း သွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန် ညွှန်ကြားလိုက်ကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ သိရသည်။
Stay at Home သတ်မှတ်လိုက်သော မြို့နယ်များတွင် ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇ၀င်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှုများ အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ယင်းသို့ သတ်မှတ်လိုက်ခြင်းဖြစ်ကာ ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီမှ စတင်အကျုံး၀င်ကြောင်း၊ မန္တလေးမြို့ရှိ Stay at Home သတ်မှတ်လိုက်သော မြို့နယ်များတွင် သတ်မှတ်လူဦးရေထက် ပိုမိုပါက၊ သို့မဟုတ် အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် တာ၀န်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လာရောက်သူများအား လည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်းကောင်း ၀င်ထွက်ခွင့်မပြုရန် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များသို့ ညွှန်ကြားထားကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်သည်။
Stay at Home သတ်မှတ်လိုက်သော မြို့နယ်များရှိ အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီး နေအိမ်မှပြင်ပသို့ သွားလာလျှင် Mask တပ်၍ သွားလာကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထပ်မံသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)