မန္တလေးမြို့တွင်  Delivery Van မှတ်ပုံတင်  လာရောက်ဆောင်ရွက်ပါက နေပြည်တော်  ကညနရုံးချုပ်သို့ တင်ပြဆောင်ရွက်လျက်ရှိ

570

မန္တလေး၊ မတ်

မန္တလေးမြို့တွင် Delivery Van မှတ်ပုံတင် လာရောက်ဆောင်ရွက်ပါက နေပြည်တော်၊ ကညနရုံးချုပ်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”Delivery Van မှတ်ပုံလာတင်ရင် ရုံးချုပ်ကို တင်ပေးလိုက်တယ် Deliveryနဲ့သက်ဆိုင်သမျှအားလုံး ရုံးချုပ်ကိုတင်လိုက်တယ်”ဟု ၎င်းက ပြောသည်။

ယခင်က Delivery Van တင်သွင်းရာတွင် နောက်ဘော်ဒီတွင် သံပြား (အသေပိတ်) အလုံပိတ်ပုံစံ ဖြစ်ရမည်၊ Delivery အခန်းနှင့် နောက်ဘော်ဒီ အကြားကန့်ထားသည့် အကန့်ပုံစံပါရှိရမည်၊ ကုန်တင်ရန် ရည်ရွယ်ထားသည့်အတွက် နောက်ဘော်ဒီကြမ်းခင်း တစ်ပြေးညီဖြစ်ရမည်၊ နောက်ခန်း တွင် ထိုင်ခုံပါရှိခြင်းမရှိရ စသည့် အချက်လေးချက်နှင့် ကိုက်ညီပါက တင်သွင်းခွင့်ပြုခဲ့သည်။

ကုန်တင်ယာဉ်အဖြစ် တင်သွင်းရာတွင် လူစီးယာဉ်အဖြစ် တင်သွင်းခြင်းထက် အခွန်နှုန်းသက်သာသဖြင့် Delivery Van မဟုတ်သည့် မော်တော်ယာဉ်များကို ပြုပြင်ပြောင်းလဲကာ Delivery ယာဉ်အဖြစ် တင်သွင်းမှုများရှိလာခဲ့သဖြင့် ယခုကဲ့သို့ ရုံးချုပ်အထိ တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် Original Delivery Van မဟုတ်ပါက လူစီးယာဉ်အတိုင်း အခွန်စည်းကြပ်မည် ဖြစ်ပြီး အကောက်ခွန်ဒဏ်ကြေး 1/2 AV လည်း ပေးဆောင်ရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂ဝ၁၆ ခုနှစ်တွင် Delivery Van မှတ်ပုံတင်ယာဉ် ခြောက်စီး၊ ၂ဝ၁၇ ခုနှစ်၌ ၁၈၆ စီး၊ ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်အထိ Delivery Van မှတ်ပုံတင်ယာဉ် ၅၄ စီး မှတ်ပုံတင် ဆောင်ရွက်ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ စီမံဌာန၏ စာရင်းများအရ သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here