မန္တလေးမြို့တွင် Covid-19 ပိုးတွေ့လူနာ တစ်နေ့ထက်တစ်နေ့ ပိုတိုးလာပြီး လူမှုရေးအသင်းကားများတွင် အသုံးပြုရန် စက်သုံးဆီများလိုအပ်နေ

114

 

မန္တလေး၊ နိုဝင်ဘာ ၁၉

မန္တလေးမြို့တွင် Covid-19 ပိုးတွေ့လူနာ တစ်နေ့ထက်တစ်နေ့ ပိုတိုးနေသည့်အပြင် အတည်ပြုလူနာများ ဆေးရုံများသို့ သယ်ပို့ရာတွင်လည်းကောင်း၊ ထိစပ်လူနာများ Quarantine Center များသို့ ပို့ဆောင်ရာတွင်လည်းကောင်း နေ့စဉ်နှင့်အမျှ သွားလာနေရသဖြင့် ကားစက်သုံးဆီများ လိုအပ်နေကြောင်း လူမှုကူညီရေးအသင်းများထံမှ စုံစမ်းသိရသည်။

“မန္တလေးမှာ ပိုးတွေ့လူနာက တအားများလာတော့ တစ်ရက်တစ်ရက်ကို ကားဆီဖိုးက တစ်ပေပါ အထက်ကုန်တယ်၊ ဂါလန်နဲ့တွက်ရင် ဂါလန် ငါးဆယ်ကနေ ၆၅ ဂါလန်ကြား နေ့စဉ်ကုန်နေတယ်ပေ့ါ၊ အလှူရှင်တွေကလည်း ကြာလာတော့ အီလာပြီ၊ သူတို့လည်း စီးပွားရေးက အဆင်မပြေတော့ အခက်တွေ့လာကြတယ်ပေါ့၊ လောလောဆယ်မှာတော့ လူမှုကူညီရေးအသင်းတွေရဲ့ကားတွေအများစု စက်သုံးဆီ အခက်တွေ့နေကြတယ်” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (Rescue- မန္တလေးတိုင်းဒေသကြီး)မှ ရုံးတာဝန်ခံ ကိုစွမ်းပြည့်အောင်က ပြောကြားသည်။

နိုဝင်ဘာ ၁ ရက်နေ့ တစ်ရက်တည်းတွင် Covid-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၅,၆၉ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေတွင် မန္တလေးတိုင်းဒေသကြီး မြို့နယ်ပေါင်း ၁၆ မြို့နယ်အတွင်းမှ အတည်ပြု
လူနာ ၂၂၃ ဦး ပါဝင်ခဲ့ကြောင်း၊ ယခင်က မန္တလေးတိုင်းအတွင်း Covid-19 ရောဂါပိုးတွေ့ရှိမှုသည် ဦးရေ တစ်ရာ ဝန်းကျင်သာရှိခဲ့သော်လည်း နိုဝင်ဘာ ၁၇ ရက်က တွေ့ရှိခဲ့သော ပမာဏသည် စံချိန်တင် အများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုအခါ မန္တလေးမြို့တွင်လည်း နေ့စဉ်နှင့်အမျှ Covid-19 ပိုးတွေ့လူနာများပြားနေပြီး အဆိုပါလူနာများနှင့် ထိစပ်သူများအား Quarantine စင်တာများနှင့် ဆေးရုံများသို့ အဆက်မပြတ်ပို့ဆောင်နေရသဖြင့် လူမှုကူညီရေးအသင်းကားများ၏ ကားဆီများမှာ အထူးလိုအပ်နေကြောင်း မန္တလေးမြို့ခံအချို့က ပြောဆိုသည်။

“ကျွန်တော်တို့အိမ်နားမှာဆိုလည်း မဟာလူမှုကယ်ဆယ်ရေးအသင်းရှိတယ်၊ သူတို့ဆို နေ့စဉ်တောက်လျှောက် Covid-19 လူနာတွေနဲ့ ထိစပ်သူတွေ သယ်ပေးနေရတာ၊ နေ့စဉ်နဲ့အမျှ ခေါက်တုံ့ခေါက်ပြန် သယ်နေရတော့ ကားဆီ အခက်တွေ့ရော၊ အလှူရှင်တွေရှိတော့ရှိပေမဲ့ မလုံလောက်ဘူးဖြစ်တာပေါ့၊ ဒါကြောင့် အခုဆို ကျွန်တော့်သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေစုပြီး လိုက်အလှူခံပေးနေတယ်၊ လိုအပ်နေတဲ့ စက်သုံးဆီအတွက် တတ်နိုင်သမျှ လှူရအောင်လို့” ဟု မန္တလေးမြို့ ၄၁ လမ်း (၈၂ လမ်းနှင့် ၈၃ လမ်းကြား)တွင် နေထိုင်သူ ဦးဇော်ဝင်းက ဆိုသည်။

မန္တလေးမြို့၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ ရမည်းသင်း၊ ညောင်ဦး စသော မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်မြို့များရှိ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့များထံ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း အောက်တိုဘာ ၉ ရက်က စက်သုံးဆီဂါလန်စုစုပေါင်း ရှစ်ထောင်ကျော်အတွက် ကုန်ကျငွေနှင့် PPE ဝတ်စုံ နှစ်ထောင်ကျော်၊ Hand Gel နှစ်ရာတို့ကို ထောက်ပံ့ပေးခဲ့ဖူးသည်။ သို့သော် လက်ရှိတွင် Covid-19 လူနာများနှင့် ထိစပ်သူများအား သယ်ဆောင်ရာ၌ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (Rescue) မှ မိတ်ဖက်လူမှုကူညီရေးအသင်းများပါ စက်သုံးဆီများ ထောက်ပံ့ပေးနေရသည့်အတွက် ယခုအခါ လုံလောက်မှုမရှိတော့သဖြင့် များစွာအခက်တွေ့နေကြောင်း ကိုစွမ်းပြည့်အောင်က ထပ်မံပြောဆိုသည်။

“လောလောဆယ်မှာတော့ အသင်းရန်ပုံငွေထဲကနေ ထုတ်နုတ်သုံးစွဲရတာရှိတယ်၊ လှူနိုင်မယ့်အလှူရှင်တွေလိုက်ရှာ၊ လူရင်းမိတ်ဆွေတွေ အကူအညီတောင်းပြီး စက်သုံးဆီနဲ့ PPE ဝတ်စုံတွေ အလှူခံရတာရှိသလို တချို့လည်း ကိုယ်တတ်နိုင်သလောက် လာလှူကြတယ်၊ အဓိကလိုအပ်တာက စက်သုံးဆီနဲ့ PPE တွေပဲ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Swan Pyae Aung Fb

LEAVE A REPLY

Please enter your comment!
Please enter your name here