မန္တလေးမြို့တွင် လက်ရှိ တစ်လမ်းမောင်းလမ်းများကို   ပြန်လည်ပြင်ဆင်သတ်မှတ်မည်

644

မန္တလေး၊ မတ်

မန္တလေးမြို့အတွင်း လက်ရှိ သတ်မှတ်ထားသော တစ်လမ်းမောင်းလမ်းများကို နှစ်လမ်းမောင်းအဖြစ်လည်းကောင်း၊ အချို့ ယာဉ်ကြော ရှုပ်ထွေးသော နှစ်လမ်းမောင်းလမ်းများကို တစ်လမ်းမောင်းလမ်းအဖြစ်လည်းကောင်း မကြာမီကာလအတွင်း ပြန်လည်ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

”မန္တလေးမှာ တစ်လမ်းမောင်းလမ်းတွေက အရင်အစိုးရလက်ထက်တွေကတည်းက သတ်မှတ်ခဲ့တာဖြစ်တယ်၊ အဲဒီလို သတ်မှတ်ခဲ့တဲ့ တချို့သော တစ်လမ်းမောင်းလမ်းတွေက အခုအချိန်မှာ မြို့တွင်းသွားယာဉ်တွေအတွက် အခက်အခဲဖြစ်ရတာလေးတွေရှိတယ်၊ အဲဒီအတွက် ပြန်လည်ပြင်ဆင်နိုင်အောင် တိုင်းတာမှုတွေ၊ ပညာရှင်တွေရဲ့ အကြံဥာဏ်ရယူတာတွေ ဆောင်ရွက်နေပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးကျော်ဇောအောင် က ပြောကြားသည်။

မန္တလေးမြို့တွင် လက်ရှိ ယာဉ်ကြောအရှုပ်ထွေးဆုံးလမ်းများဖြစ်သည့် ၈၁ လမ်းကို တောင် မှ မြောက်သို့ လည်းကောင်း၊ ၈၂ လမ်းကို မြောက်မှတောင်သို့ လည်းကောင်း၊ ၈၃ လမ်းကို တောင်မှ မြောက်သို့လည်းကောင်း တစ်လမ်းမောင်းလမ်းများအဖြစ် အသီးသီး သတ်မှတ်ထားပြီး အချို့လမ်းသွယ်များတွင်ပါ တစ်လမ်းမောင်းအဖြစ် သတ်မှတ်ထားမှုရှိကြောင်း၊ လက်ရှိတွင် အဓိကလမ်းမကြီးများရှိ တစ်လမ်းမောင်းလမ်းများမှာ ပြည်သူများအတွက် အဆင်ပြေသော်လည်း ၇၈ လမ်းနှင့် လမ်း ၈ဝ ကြားရှိ ၃၆ လမ်း၊ ၃၇ လမ်းတို့တွင် သတ်မှတ်ထားသော တစ်လမ်းမောင်းလမ်းနှင့် မဟာမုနိဘုရားကြီး အရှေ့မုခ် တည့်တည့်ရှိ တစ်လမ်းမောင်းလမ်း တို့မှာ ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေရကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ ၏ တာဝန်ရှိသူများထံမှ သိရသည်။

”မကြာခင် တစ်လမ်းမောင်း လမ်းတွေထဲက တချို့လမ်းတွေကို နှစ်လမ်းမောင်းအဖြစ် ပြန်ပေးတာ မျိုး ပြင်ဆင်ပေးသွားမယ်၊ အဲဒီလို ပြင်ဆင်တဲ့အခါမှာလည်း ကျွန်တော်တို့ဌာန တစ်ခုတည်း မပြီးပါဘူး၊ စည်ပင်ရဲ၊ လမ်းနှင့်တံတားဌာန၊ ယာဉ်ထိန်းရဲနဲ့ တခြားသက်ဆိုင်ရာဌာနတွေ၊ ပြင်ပကပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ညှိနှိုင်းပြီးမှပဲ ပြင်ဆင်ရမှာပါ”ဟု ယင်းကော်မတီ မှ ဦးကျော်ဇောအောင်က ထပ်မံဆိုသည်။

မန္တလေးမြို့ရှိ အချို့သော တစ်လမ်းမောင်းလမ်းများမှာ အမှန်တကယ်တွင်လည်း ပြည်သူများ သွားလာရာ၌ နှောင့်နှေးကြန့်ကြာရသည့်အပြင် ဆက်စပ်လမ်းများတွင်ပါ ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း မန္တလေးမြို့ခံများက ပြောကြားသည်။

”မဟာမုနိဘုရားကြီး အရှေ့ မုခ်တည့်တည့်ကလမ်းဆိုရင် တစ်လမ်းမောင်း သတ်မှတ်ထားပေမဲ့ အဲဒီနားမှာ တခြားသွားစရာလမ်းမရှိတဲ့အတွက် တစ်လမ်းမောင်းကိုပဲ လမ်းပြောင်းပြန်ဝင်နေရတာပဲ၊ ဖမ်းခံရလည်း မတတ်နိုင်တော့ဘူး၊ တစ်လမ်းမောင်း သတိပေးဆိုင်းဘုတ်ကြီးကလည်း ထောင်ထား၊ တခြားလမ်းကနေသွားရင်လည်း တအား ဝေးသွားမှာဆိုတော့ သိလျက်နဲ့ စည်းကမ်းဖောက်သလို ဖြစ်နေတယ်၊ အဲဒီလိုလမ်းမျိုးတွေဆိုရင် နှစ်လမ်းမောင်း ပြန်သတ်မှတ်ပေးသင့်တယ်”ဟု မန္တလေးမြို့ခံတစ်ဦး ဖြစ်သူ ဦးမြင့်လှိုင်က သုံးသပ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here