မန္တလေးမြို့တွင်း ကုန်ပစ္စည်းအဆမတန် တင်ဆောင်မောင်းနှင်သော ဆိုင်ကယ်များကို စည်ပင်သာယာ ဥပဒေ၂၆ဖြင့် အရေးယူနိုင်ဟုဆို

558

မန္တလေး၊မတ်

မန္တလေးမြို့တော်အတွင်း စည်းကမ်းမဲ့ ဆိုင်ကယ်စီးနင်းသူအချို့သည် ဆိုင်ကယ်နောက်၌ ကုန်ပစ္စည်းတင်ဆောင်ရာတွင် ကုန်ပစ္စည်းများ အဆမတန် တင်ဆောင်မှုများရှိနေရာ ယင်းကဲ့သို့ မောင်းနှင်မှုသည် စည်ပင်သာယာ ဥပဒေ ၂၆ ဖြင့်အရေးယူနိုင်သဖြင့် ကုန်ပစ္စည်းများကိုစည်းကမ်းတကျတင်ဆောင်မောင်းနှင်ရန် လိုအပ်ကြောင်း မန္တလေးတိုင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

”တစ်ချို့ ဆိုင်ကယ်တွေက ကုန်ပစ္စည်းနောက်ကတင်တာကို အမြင့်ကြီးတွေတင်တယ်၊ ဆိုင်ကယ်ရဲ့ဘေးတစ်ဖက်ကိုလည်း နှစ်ပေလောက်စီထွက်ပြီး မောင်းနေတာတွေ တွေ့မြင်နေရတယ်၊ အဲဒီလို ကုန်ပစ္စည်းတွေ အများကြီးတင်ပြေးတာက အဓိက လမ်းမကြီးတွေမှာ အရမ်းအန္တရာယ်များတယ်၊ယာဉ်ကြောပိတ်ဆို့မှုလည်း ဖြစ်နိုင်သလို မတော်လို့များ ဘေးကဆိုင်ကယ်နဲ့ ချိတ်မိသွားရင် မလိုလားအပ်တဲ့ ယာဉ်တိုက်မှုတွေ ဖြစ်သွားနိုင်တယ်၊ အဲဒီလို ကုန်ပစ္စည်း ဝိတ်အများကြီး တင်တဲ့ ဆိုင်ကယ်တွေကို အရေးယူစေချင်တယ်”ဟု အသက် ၆ဝ အရွယ် မန္တလေးမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

မန္တလေးမြို့တွင်း ဆိုင်ကယ်နောက်မှ ကုန်ပစ္စည်းအဆမတန် တင်ဆောင်သော ဆိုင်ကယ်များမှာ ကုန်စိမ်းပစ္စည်းရောင်းချသော စျေးသည်အများစုဖြစ်ပြီး ယင်းကဲ့သို့ မောင်းနှင်ရာ၌ ကုန်ပစ္စည်းများသည် ဘေးတစ်ဖက်တစ်ချက်သို့ တိမ်းစောင်းသွားပါက ဆိုင်ကယ်ဟန်ချက်ပျက်ကာ ဆိုင်ကယ်တိမ်းမှောက်မှုများဖြစ်ပွားနိုင်ကြောင်း၊ ထို့ ကြောင့်လမ်းမကြီးများပေါ်၌ သွားလာနေသော အခြားယာဉ်များ ထိခိုက်ခြင်းထက် မိမိကိုယ်ကိုယ်ပါ ထိခိုက်ဒဏ်ရာရစေနိုင်ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းဒုရဲတပ်ဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများက ဆိုသည်။

”ဆိုင်ကယ်တွေမှာ ကုန်ပစ္စည်းမတင်ရလို့တော့ မသတ်မှတ်ထားဘူး၊ကုန်ပစ္စည်းအမြင့်ကြီးတွေနဲ့ ဘေးတွဲတွေမတွဲဖို့တော့လိုတာပေါ့၊ ကုန်ပစ္စည်းအဆမတန်တင်တဲ့ ဆိုင်ကယ်တွေက ယာဉ်ထိန်းရဲမရှိတဲ့အချိန်တွေမှာ သွားကြတော့အရေးယူဖို့ခက်ခဲနေတယ်၊ စပလိုင်းချက်လုပ်ရင်းနဲ့ အဲဒီလိုတင်ဆောင်ပြေးတာတွေ တွေ့ရင်တော့စည်ပင်သာယာဥပဒေ ၂၆ နဲ့အရေးယူသွားမှာပါ”ဟု  အဆိုပါရုံးမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာသော ဆိုင်ကယ်များသည် ကုန်ပစ္စည်းတင်ဆောင်မောင်းနှင်ရန် ပုံစံထုတ်တည်ဆောက်ထားခြင်း မဟုတ်သောကြောင့် ကုန်ပစ္စည်းများ မဖြစ်မနေတင်ဆောင်ရမည်ဆိုပါက ဝန်ပေါ့သောပစ္စည်းများသာ စနစ်တကျချည်နှောင်၍ တင်ဆောင်မောင်းနှင်သင့်ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းဒုရဲတပ်ဖွဲ့ ခွဲရုံးမှ ယာဉ်ထိန်းရဲအရာရှိများက ထပ်မံပြောကြားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here