မန္တလေးမြို့ခံ အလှူရှင် ခုနစ်ဦးစုပေါင်း၍ မန္တလေးတိုင်း Covid-19 ကာကွယ်ရေးတွင် အသုံးပြုရန် Mobile Sample Collection Vehicle ကား ရှစ်စီးလှူဒါန်း

123

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၂

မန္တလေးမြို့ခံ အလှူရှင် ခုနစ်ဦးစုပေါင်း၍ မန္တလေးတိုင်းဒေသကြီး Covid-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် Mobile Sample Collection Vehicle ကား ရှစ်စီး လှူဒါန်းမှုကို ယနေ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီကနေ့ ကျွန်တော် အပါအ၀င် အလှူရှင် ခုနစ်ဦးကနေ ကား ရှစ်စီးလှူဒါန်းတာပေါ့နော်၊ အလှူရှင်တစ်ဦးတည်းက နှစ်စီးလှူတာ ပါတယ်၊ အဓိကက ကိုယ့်မြို့ကိုယ့်ရွာအတွက် ဝိုင်း၀န်းလုပ်ကြတဲ့သဘောပါ” ဟု လှူဒါန်းရာတွင် ပါ၀င်ခဲ့သူ CAD Construction & Decoration မှ Managing Director ဦးဇင်မင်းဆွေက ပြောသည်။

အဆိုပါ Mobile Sample Collection Vehicle ကားများကို မန္တလေးတိုင်းဒေသကြီး မြို့၀င်၊ မြို့ထွက်များရှိ စစ်ဆေးရေးစခန်းများတွင် အသုံးပြုနိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုလုပ်ကိုင်နေသာ ကုန်ကားများကို အချိန်နှင့်တစ်ပြေးညီစစ်ဆေးနိုင်ရန် ယင်းသို့ မန္တလေးမြို့ခံ အလှူရှင် ခုနစ်ဦးက ဝိုင်း၀န်းစုပေါင်း လှူဒါန်းကြခြင်းဖြစ်ကြောင်း ဦးဇင်မင်းဆွေက ထပ်မံပြောကြားသည်။

“မန္တလေးတိုင်းထဲ တိုးဂိတ်တွေမှာ လူတွေ၀င်မယ်၊ ကုန်ကားတွေ၀င်မယ်၊ အဲဒီလို၀င်တဲ့အခါမှာ Swab ယူဖို့အတွက် ကားတွေ လိုအပ်တယ်ပေါ့နော်၊ Mobile Team တွေ လိုအပ်တယ်ပေါ့၊ ၊ ပြီးတော့ မန္တလေးတိုင်းထဲက မြို့နယ်တွေမှာ ဥပမာ ညောင်ဦးဖြစ်တယ်ဆိုရင် ညောင်ဦးအထိသွားပြီး ပိုးစစ်ပေးနိုင်မှ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဖြစ်မယ်ပေါ့၊ ကားတွေလိုအပ်ချက်ရှိတဲ့အတွက် လှူဖြစ်တာပါ” ဟု ၎င်းက ထပ်မံပြောဆိုသည်။

Covid-19 ရောဂါပိုး Swab ယူနိုင်ရန် အဆိုပါကားများအားလုံးကို မန္တလေးမြို့ Century Auto Mart အဖွဲ့သားများက တပ်ဆင်ပေးကာ လိုအပ်သည့် Aircon များအား CHIGO မှ လှူဒါန်းပေးထားပြီး ကားတစ်စီးလုံး အပြီးအစီး ကျပ် ၁၁၆ သိန်း ကုန်ကျကြောင်း သိရသည်။

ကားတစ်စီးလျှင် ကျပ် ၉၆ သိန်းသာ အလှူရှင်များက ပေးရပြီး Century Auto Mart မှ ကားတစ်စီးလျှင် ကျပ်သိန်း နှစ်ဆယ် ထည့်၀င်လှူဒါန်းပေးထားသည့်အပြင် Century Auto Mart မှ ကား နှစ် စီးနှင့် မန္တလေးမြို့အလှူရှင် ခုနစ်ဦးက စုစုပေါင်း ကား ရှစ်စီးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လှူဒါန်းကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်ကလည်း မန္တလေးမြို့ Universal Dexterity Group Company Limited (UD Group) မိသားစုက မန္တလေးတိုင်း မြို့၀င်စစ်ဆေးရေးဂိတ်များတွင် အသုံးပြုရန် Mobile Sample Collection Vehicle နှစ်စီးကို လှူဒါန်းထားရာ ယခုဆိုလျှင် မန္တလေးတိုင်းအတွင်း အသုံးပြုရန် Covid-19 ရောဂါပိုး Swab နမူနာယူ စစ်ဆေးနိုင်မည့် ကားစုစုပေါင်း ၁၀ စီးရှိပြီဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- Zin Min Swe

LEAVE A REPLY

Please enter your comment!
Please enter your name here