မန္တလေးမြို့ကို ရေလျှံမှုမဖြစ်စေရန် စီမံချက်ချ၍ ကြိုတင်ဆောင်ရွက်နေဟု မြို့တော်ဝန်ပြော

177

 

မန္တလေး၊ ဇွန် ၁၃

မန္တလေးမြို့ရှိ ကျုံးရေကန်များမှ လျှံကျသောရေများအား ရွှေတချောင်းမြောင်းအတွင်းသို့ စီးဝင်စေကာ ရေဆိုးပမာဏ ပိုမိုများပြားမှုလည်း ဖြစ်ပေါ်စေတတ်သည့်အတွက် ရေလျှံမှုများမဖြစ်စေရန် စီမံချက်ချ၍ ကြိုတင်ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

“ရေလေလွှင့်ဆုံးရှုံးမှုမရှိစေဖို့ ကျုံးရေကန်တွေကို ရေပြည့်ရင် အလိုအလျောက်ပိတ်ပေးတဲ့ Float Valve တွေ တပ်ဆင်ဆောင်ရွက်နေပြီး အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်လာခဲ့ရင် Surface Water ဆုံးရှုံးမှုမဖြစ်စေအောင် ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး၏ ‘ခေတ်အဆက်ဆက် မန္တလေးမြို့ပြ၏ လူနေမှုစရိုက်ကို ထင်ဟပ်ပြနေသည့် မကြာခင်အချိန်တွင် မြို့ပြအမွေအနှစ်အဖြစ် ရောက်ရှိလာတော့မည့် မြို့ပြရေပေးဝေရေးစနစ်တွင် အဓိကနေရာမှ ပါဝင်ခဲ့သော မန္တလေးနန်းတော်၏ အရပ်လေးမျက်နှာတွင်ရှိသည့် ထိန်းသိမ်းရန်သင့်တော်သော ကျုံးရေတွင်းများကို စနစ်တကျ မှတ်တမ်းပြုစုပြီး ထိန်းသိမ်းစောင့်ရှောက်ရန် အစီအစဉ်ရှိ/မရှိ ‘ မေးခွန်းနှင့်စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ရေပေးဝေရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့သော ကျုံးရေကန်များကို မြေပြင်တွင် အသေးစိတ်ကွင်းဆင်းစစ်ဆေး၍ မြို့နယ်၊ ရပ်ကွက်အလိုက် စာရင်းဇယားများဖြင့် မှတ်တမ်းတင်ထားရှိပြီး မြို့ပြအမွေအနှစ်ကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးမြို့သည် အင်္ဂလိပ်ခေတ်ကတည်းက လေးထောင့်ကွက်ကျကျ တည်ဆောက်ထားပြီး ချိုင့်ခွက်ပုံစတည်ရှိနေသဖြင့် မိုးသည်းထန်စွာရွာသွန်းတိုင်း ရေနုတ်မြောင်းများမှ ရေလျှံလေ့ရှိကာ ယင်းသို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ရွှေဂဲရေဆိုးထုတ်စက်ရုံကိုလည်း ADB ချေးငွေဖြင့် တည်ဆောက်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

အဆိုပါရေဆိုးထုတ်စက်ရုံတည်ဆောက်ပြီးစီးသွားပါက မန္တလေးမြို့တွင် မိုးဆက်တိုက်ရွာသွန်းသည့်နေ့များ၌ လမ်းပေါ်ရေတင်မကျန်အောင် အဓိကမြောင်းများဖြစ်သည့် ရွှေတချောင်း၊ သဂ်ဇာချောင်း၊ ကန်တော်ကြီးနှင့် နံကပ်အင်းဝန်းကျင်က ရေများပါ လျှော့ချနိုင်မည်ဖြစ်ပြီး မန္တလေးမြို့ ရေကြီးရေလျှံမှုလည်း လုံးဝလျော့နည်းလာမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here