မန္တလေးတွင် ၂၄ ရက်အတွင်း Covid-19 ရောဂါပိုးကူးစက်သူ သုံးဆကျော် များလာ ရုံးပိတ်ရက် လေးရက်ဆက်ကာလတွင် အပြင် ထွက်မလည်ကြစေလိုကြောင်း မန္တလေးမြို့တော်ဝန်ပြော

142

 

မန္တလေး၊ နိုဝင်ဘာ ၂၈

မန္တလေးမြို့တွင် ၂၄ ရက်အတွင်း Covid-19 ရောဂါပိုးကူးစက်သူ သုံးဆကျော် များပြားလာသည့်အတွက် ယခုတန်ဆောင်တိုင်ကာလ လေးရက် ဆက်တိုက် ရုံးပိတ်ရက်အတွင်း အပြင် ထွက်မလည်ကြစေလိုကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားလိုက်သည်။

“အခုလို လေးရက်ဆက်တိုက် တန်ဆောင်တိုင်ရုံးပိတ်ရက်မှာ ဘယ်ကိုမှ ထွက်မလည်စေချင်ဘူး၊ တခြားမြို့တွေကို ရောဂါဖြန့်နိုင်သလို ထမင်းအတူစားရင်း မိတ်ဆွေတွေဆီက ကူးစက်နိုင်လို့ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးမြို့သည် ယခုအခါ Covid-19 ကင်းစင်သည့် ရပ်ကွက်မရှိသလောက်ဖြစ်နေပြီး နိုဝင်ဘာ ၂ ရက်မှ ၂၆ ရက်အတွင်း အခြေအနေများကို နှိုင်းယှဉ်ကြည့်ပါက မြို့နယ် ခြောက်မြို့နယ်တွင် Covid-19 ရောဂါအတည်ပြုလူနာမှာ ၄၄၈ ဦးမှ ၁,၅၆၄ ဦးအထိ ဖြစ်ပွားမှုနှုန်း ၃ ဒသမ ၂ ဆ တိုးပွားလာသည့်အတွက် ၂၄ ရက်အတွင်း သုံးဆကျော်များပြားလာကြောင်း၊ မန္တလေးမြို့အတွင်း ဆိုင်ကယ်၊ ကားစီးသူများ Mask တပ်ဆင်မှု စိတ်ကျေနပ်ဖွယ်တွေ့လာရသော်လည်း ထပ်မံသတိထားရမည့်အချက်များ ရှိနေသေးကာ လမ်းသွယ်များ၊ ဝင်းများတွင် နေထိုင်သူများသည်လည်း Mask မတပ်ကြသူများနေသဖြင့် Covid-19 ဖြစ်ပွားပါက တစ်ဝင်းလုံး၊ တစ်လမ်းလုံး ကူးစက်နိုင်ခြေများကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ထပ်မံသတိပေးသည်။

“အခုလို ၂၄ ရက်အတွင်း သုံးဆကျော် များလာတာနဲ့ ဖြစ်ပွားမှုနှုန်း တန့်မသွားသေးတာ မန္တလေးသားတွေအတွက် အထူးသတိထားကြဖို့ ထိုးလိုက်တဲ့ ခေါင်းလောင်းသံပါ၊ ရောဂါဖြစ်ပွားမှုနှုန်း တိုးလာသလို သေဆုံးသူဦးရေလည်း ခုနစ်ယောက်ကနေ ၂၄ ယောက်အထိ များလာပါတယ်၊ ICU အထူးကြပ်မတ်ကုသပေးနေရတဲ့ လူနာတွေများလာသလို အသက်အရွယ်မရွေး တခြားရောဂါမရှိသူတွေပါ အဆုတ်ပျက်စီးမှုတွေ တွေ့လာရပါတယ်၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံးက Mask တပ်ဆင်ခြင်းပါ” ဟု ၎င်းက ထပ်မံပြောဆိုသည်။

မန္တလေးမြို့ပေါ်ရှိ ဈေးအသီးသီးတွင် စည်းကမ်းများ ခဏခဏတင်းကြပ်ခဲ့သည့်အတွက် Mask တပ်ဆင်သူများလာကာ ဆရာစံဈေး၊ ယောမင်းကြီးဈေး၊ ဘုရားကြီးဈေး၊ ၄၁ လမ်းဈေး၊ ၈၆ လမ်း ပလက်ဖောင်းဈေး၊ တံခွန်တိုင်ဈေး၊ မန်းရတနာဈေးများ၌ ပိုးတွေ့လူနာတွေ့ရှိခဲ့သော်လည်း မပြန့်ပွားအောင် အချိန်မီထိန်းသိမ်းနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here