မန္တလေးတွင် အိပ်ဇောသံဆူညံသည့်ယာဉ်များ အထူးစီမံချက်ဖြင့် ဖမ်းဆီးမှု စတင်

841

မန္တလေး၊ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ၏ ဒုတိယယာဉ်အစီးရေ အများဆုံး မန္တလေးမြို့တွင် အိပ်ဇောသံဆူညံသည့် ကား၊ ဆိုင်ကယ်များကို အထူးစီမံချက်ဖြင့် ဖေဖော်ဝါရီလ တတိယပတ်မှ စတင် ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

”အခုအချိန်က ကလေးငယ်တွေ စာမေးပွဲဖြေဆိုနေတဲ့ကာလဖြစ်တဲ့အတွက် စာမေးပွဲဖြေဆိုမယ့်သူတွေ စိတ်အနှောင့်အယှက်မဖြစ်အောင် အိပ်ဇောသံ ဆူညံစေတဲ့ ကားတွေရော၊ ဆိုင်ကယ်တွေရော အထူးစီမံချက်နဲ့ စဖမ်းနေပါတယ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးတဲ့အထိ နေ့စဉ်၊ ဒါမှမဟုတ် ရက်ခြားဖမ်းဆီးမှုတွေ ညပိုင်းမှာ အရှိန်အဟုန်မြင့် လုပ်သွားမယ်၊ လတ်တလောတော့ ညပိုင်းမှာ ပိုဖမ်းဖြစ်တယ်”ဟု မန္တလေးတိုင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးလှမြင့်က ပြောသည်။
ယင်းသို့ဖမ်းဆီးမှုကို ယခုလ တတိယပတ်မှစပြီး မန္တလေးမြို့အတွင်းရှိ အဓိကလမ်းမကြီးများတွင် နယ်မြေရဲ၊ ယာဉ်ထိန်းရဲ၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်ရဲ စသည့် ဌာနပေါင်းစုံ ပူးပေါင်း၍ ရွေ့လျားစနစ်ဖြင့် ရှောင်တခင်စစ်ဆေးခြင်း ဖြစ်ကြောင်း အမှတ်(၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

”အိပ်ဇောသံဆူညံစေတဲ့ ယာဉ်တွေကို သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ အမှုဖွင့်တယ်၊ အမှုဖွင့်ပြီး နောက်ရက်ကျရင် ဆိုင်ကယ် အမည်ပေါက် ဟုတ် မဟုတ်၊ တရားဝင်လိုင်စင် ရှိ မရှိ၊ မှတ်ပုံတင်ထားတဲ့အတိုင်း မှန် မမှန် စတာတွေပါ ကညနမှာ ထပ်စစ်ဦးမယ်၊ ထပ်စစ်လို့ ပြစ်ချက်တွေ့ရင် တစ်ခုချင်းစီအလိုက် အမှုထပ်ဖွင့်မယ်၊ အမှုဖွင့်တဲ့အပေါ် တရားရုံးမှာ ဒဏ်ငွေဆောင်ပြီးရင်လည်း မပြီးသေးဘူး၊ ဆိုင်ကယ်ကို ရဲစခန်းမှာတင် တစ်ခါတည်း အသံဆူစေတဲ့အိပ်ဇော အဟောင်းကိုဖြုတ်၊ အသစ်တပ်ပြီးမှ ဆိုင်ကယ်ကို ပြန်ထုတ်ပေးမယ်၊ ဒါက ဆိုင်ကယ်ရော၊ ကားရောအတူတူ တစ်ပုံစံတည်းစစ်ဆေးသွားမယ်၊ အဓိကကတော့ စာမေးပွဲဖြေဆိုချိန် ကာလမို့ အထူးစီမံချက်နဲ့ ဖမ်းဆီး အရေးယူတာပါ”ဟု အဆိုပါရုံးမှ ဒုရဲမှူးလှမြင့်က ထပ်မံဆိုသည်။

အိပ်ဇောသံဆူညံစေသည့် ကား၊ ဆိုင်ကယ်များကို ညအချိန်တွင် အထူးစီမံချက်ဖြင့် အရေးယူနေသော်လည်း နေ့အချိန် အဖွဲ့စုံ ရှောင်တခင် စစ်ဆေးမှုများ၌လည်း တွေ့ရှိပါက ညအချိန်နည်းတူ မော်တော်ယာဉ်ဥပဒေနှင့် အမှုဖွင့်အရေး ယူမည်ဖြစ်ကြောင်း အဆိုပါရုံးမှ ထပ်မံသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂ဝ ရက်အထိ နှစ်ရက်တာအတွင်း ညအချိန်စစ်ဆေးမှု၌ အိပ်ဇောသံဆူညံစေသည့် ကားနှစ်စီးနှင့် ဆိုင်ကယ် ၁၇ စီးတို့ကို ဖမ်းဆီးအရေးယူထားကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here