မန္တလေးတွင် အပူဒဏ်ကာကွယ်သည့်အနေဖြင့် အမိုးတပ်ဆင်စီးသည့် ဆိုင်ကယ်စီးရေ များပြားလာ

964

မန္တလေး၊ မေ

မန္တလေးမြို့တော်အပါအဝင်တစ်နိုင်ငံလုံးနီးပါးတွင်ပြီးခဲ့သည့် ဧပြီလမှ စ၍ အလွန်ပူပြင်းလျက်ရှိရာ မန္တလေးမြို့တော်အတွင်း နေ့စဉ် သွားလာလျက်ရှိသော ဆိုင်ကယ်အများစုတို့မှာ အပူဒဏ်ကာကွယ်သည့်အနေဖြင့်အမိုး၊အကာများ တပ်ဆင်၍စီးသူများပြားလာကြောင်း မန္တလေးမြို့ခံများထံမှ စုံစမ်းသိရသည်။

”ပုံမှန်ဆိုရင်တော့ ဆိုင်ကယ်တစ်စီးဟာသူ့ Original ကလွဲပြီး ဒီဇိုင်းပြောင်းတာ၊နံပါတ်ပြားပြောင်းတာတို့ လုပ်လို့မရဘူး၊ ဒါပေမယ့်အခု ဒီရက်ပိုင်းအရမ်းပူတော့ အများစုက တရုတ်ကလာတဲ့ ဆိုင်ကယ်အမိုးလေးတွေ ဝယ်ပြီးတပ်လာကြတယ်၊ သူက ဆိုင်ကယ်မှာအရှင်တပ်လို့ရတော့ ဖြုတ်တပ်ရလွယ်တယ်၊ဒီရက်ပိုင်းတော့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်အများစု အဲဒီဆိုင်ကယ်အမိုးလေးတွေ အရောင်းသွက်နေတယ်”ဟု မန္တလေးမြို့ နယူးစကိုင်းဆိုင်ကယ် အပိုပစ္စည်းဆိုင်မှ ဦးမောင်မောင်ခက ပြောကြားသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသော ဆိုင်ကယ်အမိုးများသည် ကာလာရောင်စုံ မိုးကာသားနှင့် အတူ ဆိုင်ကယ်မောင်းသူ၏ရှေ့ တွင် ပလတ်စတစ်အကြည်သားပါ ထည့်သွင်း ပြုလုပ်ထားသောကြောင့် ရှေ့မှလာသည့်ဆိုင်ကယ်ကို လွယ်လင့်တကူမြင်ရမည်ဖြစ်ကြောင်း၊အဆိုပါဆိုင်ကယ်အမိုး ဖန်စီပစ္စည်းသည် ဆိုင်ကယ်တွင် ကြိုးစငယ်ဖြင့် ချည်နှောင်တပ်ဆင်ထားရခြင်းဖြစ်သောကြောင့် မိုး သည်းထန်စွာရွာသွန်းနေချိန်တွင် ခံနိုင်ရည်မရှိနိုင်သော်လည်း နွေရာသီပူပြင်းချိန်တွင် ဆိုင်ကယ်မောင်းသူရော နောက်မှထိုင်လိုက်သူပါ အပူဒဏ်ကိုအထိုက်အလျောက် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

”ဆိုင်ကယ်အမိုးကဆိုင်ကယ် ရှေ့နဲ့နောက်မှာ ကြိုးနဲ့စည်းထားရတာဖြစ်တဲ့အတွက် မိုးသည်းတဲ့အချိန်၊လေတအားတိုက်တဲ့အချိန်တွေဆိုရင်တော့ ခံနိုင်မှာမဟုတ်ဘူး၊ ဒါပေမယ့် အပူဒဏ်တော့သိသိသာသာ ကာကွယ်ပေးနိုင်တဲ့အတွက် ဒီရက်ပိုင်း တော်တော်များများလာဝယ်ကြတယ်”ဟု မန္တလေး မြို့ခံ ဆိုင်ကယ်အပိုပစ္စည်းရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ယခင်က အဆိုပါ ဆိုင်ကယ်အမိုး ဖန်စီပစ္စည်းကို ဘက်ထရီဆိုင်ကယ်များတွင်သာ အလှတပ်ဆင်ခဲ့ကြရာမှ ယခုနောက်ပိုင်းတွင်ရာသီဥတုပူပြင်းမှုကြောင့် အပူဒဏ် ကာကွယ်ရန် ထိုင်း Click, Scoopy စသော ဆိုင်ကယ်အများစုတွင် တပ်ဆင်စီးနင်းလာကြကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်အမိုးဖန်စီပစ္စည်းမှာ မန္တလေးမြို့တွင် ဧပြီလကုန်ပိုင်း၌ တစ်ခုလျှင်ကျပ် ၇,ဝဝဝ ခန့် စျေးပေါက်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ယခုရက်ပိုင်း ကာယလုပ်သားများ၊ အငှားယာဉ်မောင်းများ၊ နေရောင်အောက်တွင် သွားလာလှုပ်ရှားနေရသူများအားလုံး အပြင်သွားပါက အရိပ်လုံလောက် စွာရရှိနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းသွားပြီး အဖြူရောင် (သို့) အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်းသတိပေးချက် ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here