မန္တလေးတွင် သူတစ်ပါးထိခိုက်မှု အာမခံနှင့် GPS စနစ်ပါ မီနီ Oway သုံးဘီးဆိုင်ကယ် Taxi များ စတင် ပြေးဆွဲ

1327

ဆိုင်ကယ် Taxi အချို့မှ လုယက်မှုများကြောင့် လုံခြုံရေးစိန်ခေါ်မှုအပေါ် မေးခွန်းထုတ်ခံနေရသော မန္တလေး မြို့တော်တွင် သူတစ်ပါးထိခိုက်မှု အာမခံနှင့် GPS စနစ် ထည့်သွင်းထားသော မီနီအိုးဝေ သုံးဘီးဆိုင်ကယ် Taxi များကို ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ခွင့်ပြုချက်ဖြင့် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

 

”နိုဝင်ဘာလထဲ အစမ်းစပြေးတဲ့အချိန်မှာ မောင်းနှင်ခွင့်အ ခက်အခဲတချို့ကြောင့် ခဏရပ်ထားပြီး အခုဒီလထဲမှာ တရားဝင်ခွင့်ပြုချက်ကျခဲ့တာကြောင့် အခု တရားဝင် စပြေးနေပါပြီ၊ ရန်ကုန်မှာတော့ Oway Ride ကနေ ကား Taxi လုပ်တယ်၊ မန္တလေးမှာက ဆိုင်ကယ်မြို့တော်ဖြစ်တဲ့အတွက်သူ့ဒေသနဲ့သူကိုက်ညီအောင်ဆိုပြီး တုပ်တုပ်ခေါ်တဲ့ Bajaj သုံးဘီးဆိုင်ကယ်လေးတွေနဲ့ Taxi ပြေးဖြစ်သွားတယ်၊ အခုက အစဆိုတော့ အစီး ငါးဆယ်နဲ့ စပြေးပေးနေပါတယ်”ဟု မီနီ Oway များ ပြေးဆွဲပေးနေသည့် Oway Ride ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

 

မီနီအိုးဝေ သုံးဘီးဆိုင်ကယ်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးတိုင်း အစိုးရအဖွဲ့တို့၏ တရားဝင်ခွင့်ပြုချက်ဖြင့် စတင်ပြေးဆွဲခြင်းဖြစ်ပြီး Taxi ခ နှုန်းထားများကို မီတာဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ သုံးဘီး ဆိုင်ကယ်တိုင်းတွင် ကားများနည်းတူ အလုံးစုံမော်တော်ယာဉ်အာမခံ ဆောင်ထားပြီး GPS စနစ်ပါ ထည့်သွင်းတပ်ဆင်ထားခြင်းကြောင့် ခရီး သည်များကို မည်သည့်လမ်းကြောင်း များတွင် လိုက်ပါပို့ဆောင်နေသည် ကို ထောက်လှမ်းကြည့်ရှုနိုင်မည် ဖြစ်ကြောင်း Oway Ride ကုမ္ပဏီမှ သိရသည်။

 

” Taxi ခကို မီတာနဲ့ ကောက်ခံပါတယ်၊ ပထမဦးဆုံး တစ်ကီလိုမီတာကို ကျပ်တစ်ထောင် ယူတယ်၊ နောက်ထပ် တစ်ကီလိုမီတာ တိုးတိုင်းမှာ ၂၅ဝ ကျပ်ပဲ တိုးကောက်တဲ့အတွက် ခရီးသည်တွေအတွက် ဘယ်သွားရင် ဘယ်လောက်ကျမယ်ဆိုတာ အလွယ်တကူ တွက်ချက်လို့ရတယ်၊ မန္တလေးမြို့တွင်းကနေ လေယာဉ်ကွင်းအထိကို ကျပ်တစ်သောင်း သတ်မှတ်ထားသလို နေ့တစ်ဝက်ငှားရင် တစ်သောင်းခွဲ၊ တစ်နေကုန်အပြတ်ငှားရင် နှစ်သောင်းခွဲ သတ်မှတ်ထားတယ်၊ ပြီးတော့ အလုံးစုံအာမခံရော GPS စနစ်ပါ တပ်ဆင်ထားတဲ့အတွက် ခရီးသည်တွေ လုံခြုံမှုရှိရှိ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်ပါမယ်” ဟု  Oway Ride ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးက ထပ်မံဆိုသည်။

 

လက်ရှိတွင် မီနီအိုးဝေ သုံးဘီးဆိုင်ကယ် Taxi များကို မန္တလေး မြို့တွင်းရှိ ၂၆ လမ်း၊ ၇၈ လမ်း၊ သိပ္ပံလမ်းစသော အဓိက လမ်းမကြီး များမှလွဲ၍ အခြားလမ်းများတွင် ပြေးဆွဲပေးသွားမည်ဖြစ်ကာ ဆိုင်ကယ် Taxi မောင်းနှင်နေသူများ အနေဖြင့်လည်း Oway Ride နှင့် ချိတ်ဆက်၍ သုံးဘီး Taxi မောင်းနှင်နိုင်ကြောင်း သိရသည်။

 

”အခုဆိုရင် သုံးဘီးယာဉ် မောင်းတွေအကုန်လုံး နေ့စဉ်ကြေးပဲ ပုံမှန်သွင်းသွားပြီး ကျန်တဲ့ပိုက်ဆံ ကိုယ့်ပိုက်ဆံပဲ၊ အဲဒီလို နေ့စဉ်ကြေးကိုပဲ ပုံမှန်သွင်းသွားမယ်ဆိုရင် သုံးနှစ်နေရင် ယာဉ်မောင်းက သူမောင်းတဲ့ သုံးဘီးကို အပိုင်ရမှာဖြစ်ပါတယ်၊ သုံးနှစ်နေရင် အပိုင်ပေးသွားမှာဖြစ်လို့ ယာဉ်မောင်းတွေအနေနဲ့ အားသာချက်က ကုမ္ပဏီမှာ သုံးဘီးအရစ်ကျနဲ့ ဝယ်သလိုမျိုး ၃ဝ ရာခိုင်နှုန်း ပေးသွင်းရတာမျိုးမရှိဘဲ နေ့စဉ်ကြေး ပုံမှန်သွင်းသွား ရုံနဲ့သုံးနှစ်နေရင် သုံးဘီးလည်း အပိုင်ရမယ်၊ နေ့စဉ် Taxi မောင်းရင်း ပိုက်ဆံလည်း ရှာလို့ရတယ်၊ နောက်ထပ်လည်း အစီးရေ ထပ်တိုးဦးမှာဖြစ်လို့ မီနီအိုးဝေနဲ့ လက်တွဲလုပ်ချင်တဲ့သူတွေကို လတ်တလောဖိတ် ခေါ်နေတယ်”ဟု Taxi Oway မှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

 

အဆိုပါ မီနီအိုးဝေ သုံးဘီးဆိုင်ကယ် Taxi တစ်စီးလျှင် လူကြီးနှစ်ဦး၊ ကလေးတစ်ဦးဖြင့် စုစုပေါင်း ခရီးသည် သုံးဦးလိုက်ပါနိုင်မည်ဖြစ်ကာ Oway Ride သည် မန္တလေး မြို့တော်တွင် သုံးဘီးဆိုင်ကယ် အသုံးပြု၍ ပထမဦးပြေးဆွဲသောခရီးသည် ပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုလည်း ဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here