မန္တလေးတွင် သကြင်္န်ကာလအတွင်း ပါတီအလံတပ်ဆင်မောင်းနှင်သည့်ဆိုင်ကယ်များကို အရေးယူမည်ဟုဆို

579

မန္တလေး၊မတ်

မဟာသကြင်္န်ပွဲတော်ကာလအတွင်း မန္တလေးမြို့တော်တွင် ရေပက်ခံလည်ကြသောဆိုင်ကယ်များအနေဖြင့် နိုင်ငံရေးပါတီများနှင့်သက်ဆိုင်သောအလံများ တပ်ဆင်မောင်းနှင်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း အမှတ်(၁၄)ယာဉ် ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

”သကြင်္န်ကာလအတွင်းမှာ နိုင်ငံရေးပါတီနဲ့သက်ဆိုင်တဲ့အလံ ကိုင်ဆောင်မောင်းနှင်တာပဲဖြစ်ဖြစ်၊တပ်ဆင်မောင်းနှင်တာပဲဖြစ်ဖြစ်မပြုလုပ်ဖို့ တားမြစ်ထားပါတယ်၊စစ်ဆေးလို့တွေ့ရင်တော့ အရေးယူသွားမှာပါ”ဟု မန္တလေးမြို့အမှတ်(၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်အတွင်း မဟာသကြင်္န်ပွဲတော်ကာလ၌ နိုင်ငံရေးပါတီနှင့်သက်ဆိုင်သည့်အလံများတပ်ဆင်မောင်းနှင်မှုများအပြင် ဆိုင်ကယ်နံပါတ်ပြားမတပ်ဆင်ဘဲ မောင်းနှင်သည့်ဆိုင်ကယ်များပါ ထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး လိုင်စင်မဲ့ဆိုင်ကယ်များတွေ့ ရှိပါက ပို့ကုန်/သွင်းကုန် ဥပဒေ ၈ ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းအဆိုပါရုံးမှ ထပ်မံသိရသည်။

”သကြင်္န်တွင်းမှာ ဥပဒေနဲ့ မညီတဲ့ တစ်စုံတစ်ခုကြောင့် ဖမ်းထားပြီးပြီဆိုရင်တော့ သက်ဆိုင်ရာဥပဒေနဲ့အရေးယူပြီးတော့ သကြင်္န် ပြီးမှပဲ ဆိုင်ကယ်တွေကိုပြန်ထုတ်ပေးပါမယ်”ဟု အဆိုပါရုံးမှတာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

မန္တလေးမြို့တော်တွင် နိုင်ငံရေးပါတီများနှင့်အဖွဲ့အစည်းအသီးသီးတည်ရှိလျက်ရှိရာ ရံဖန်ရံခါ အစိုးရလုပ်ဆောင်မှုများကို မကျေနပ်မှုများနှင့်ပတ်သက်၍ အလံများကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့်အုပ်စုဖွဲ့စီးနင်းခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းတို့ပြုလုပ်လေ့ရှိသဖြင့် မြန်မာ့ရိုးရာသကြင်္န်တွင် အကျဉ်းတန်ရုပ်ဆိုးမှုမဖြစ် စေရန်ယင်းသို့ ကြိုတင်အသိပေးရခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ရှိသူများက ရှင်းပြသည်။

မန္တလေးမြို့ သကြင်္န်ပွဲတော် တွင် နယ်ပေါင်းစုံမှလာရောက်ဆင်နွှဲမှုများအပြင် နိုင်ငံခြားသားများပါ လာရောက်ဆင်နွှဲမှုကြောင့် အထက်မြန်မာပြည်တွင် အစည်းကားဆုံး ဖြစ်လေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်ပနိုင်ငံသားများ လာရောက်မှုထက် ပြည်တွင်းခရီးသွားသာ ပိုမိုများပြားဖွယ်ရှိကြောင်း မန္တလေးမြို့ခံအချို့ကလည်း သုံးသပ်ကြသည်။

”ရခိုင်ကိစ္စနဲ့ဆက်စပ်ပြီး အခုမြန်မာနိုင်ငံကို ပြည်ပခရီးသွားဝင်ရောက်မှု အတော်လေးနည်းနေတယ်၊ ဒီတိုင်းဆိုလာမယ့်သကြင်္န်မှာလည်း နိုင်ငံခြားသားခရီးသွားအဝင်နည်းမယ်လို့ မှန်းထားတယ်၊ ဒါပေမယ့် မန္တလေးမှာက တောသကြင်္န်ရော လုပ်မှာဆိုတော့ပြည်တွင်းခရီးသွားကတော့ မနှစ်ကထက်ကို

ပိုများမယ့်အလားအလာရှိနေတယ်”ဟု Travels & Tour ကုမ္ပဏီ ဖွင့်လှစ်ထားသူမန္တလေးမြို့ခံတစ် ဦးက ၎င်းအမြင်ကို ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here