မန္တလေးတွင်  ရေပက်ခံကားတစ်စီး တစ်နေ့ငှားရမ်းခ အနည်းဆုံး ကျပ်တစ်သိန်းခွဲခန့် စျေးပေါက်နိုင်

451

မန္တလေး၊ မတ်

ယခုနှစ် မဟာသကြင်္န်ပွဲတော်ကာလအတွင်း မန္တလေးမြို့တွင် ရေပက်ခံကားတစ်စီး တစ်နေ့ငှားရမ်းခ အနည်းဆုံး ကျပ်တစ်သိန်းခွဲခန့် ပေါက်စျေးရှိနိုင်ကြောင်း ကားအငှားဝန်ဆောင်မှုလုပ်ငန်းရှင်များ နှင့် မန္တလေးမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

”မနှစ်ကတောင် ရေပက်ခံကားတစ်စီးကို ကားအမျိုးအစားအပေါ်မူတည်ပြီး အနည်းဆုံး တစ်သိန်းကနေ တစ်သိန်းခွဲကြား စျေးပေါက်တယ်၊ ဒီနှစ်လည်း ရေပက်ခံကား ရှားပါးပုံ၊ ဆီစျေးတက်ပုံနဲ့ယှဉ်ရင် တစ်နေ့ ငှားရမ်းခ တစ်သိန်းခွဲ ဝန်းကျင် စျေးပေါက်နိုင်တယ်၊ ပြီးတော့ မန္တလေးသကြင်္န်က ဒီနှစ် လမ်းလျှောက်သကြင်္န်၊ တောသကြင်္န်တွေပါပါဝင်တော့ နယ်တွေကအစ ခရီးသွား ပိုဝင်နိုင်မယ့် အနေအထားရှိတယ်”ဟု သကြင်္န်တွင်း ရေပက်ခံ ကားအငှားလုပ်ငန်း လုပ်ကိုင်သူ မန္တလေးမြို့ခံတစ်ဦးက ခန့်မှန်းပြောကြားသည်။

မန္တလေးမြို့တွင် ယခင် သကြင်္န် ကာလအတွင်း ဂျစ်၊ Light Truck စသော ကားများဖြင့် ရေပက်ခံလည်ကြလေ့ ရှိသော်လည်း ယခုနှစ်တွင် ဂျစ်ကားများပျောက်ကွယ် သွားခြင်းကြောင့် Light Truck ၊ Mini Truck(ခွေးဘီလူး)၊ ဒိုင်နာ၊ Canter စသော ယာဉ်များသာ အငှားစျေးကွက် ဖြစ်ပေါ်နိုင်ကြောင်း မန္တလေးမြို့ ကားအငှားဝန်ဆောင်မှု လုပ်ကိုင်နေသူများထံမှ သိရသည်။

”ဒီနှစ်က  မြန်မာ့ရိုးရာသကြင်္န် ပုံဖော်မှာရော လမ်းလျှောက်သကြင်္န်၊  တောသကြင်္န်ပါ ပုံဖော်မှာဆိုတော့ သကြင်္န်တွင်း ပြည်တွင်းခရီးသွားဝင် ရောက်မှုက အရင်နှစ်တွေထက် ပိုများလာနိုင်တယ်၊ ခရီးသွား အဝင်များပြီး အရင်ရေပက်ခံလည်နေကျ ကားအဟောင်းတွေ နည်းသွားပြီ ဖြစ်လို့ ကားခတွေ စျေးတက်ဖို့ များနေတယ်၊ ဘယ်သူမဆို ကားကောင်းနဲ့ အငှားလိုက်ရမှာရော၊ ဆီစျေးတက်တာတွေရောနဲ့ စျေးကိုလည်း တိုးယူချင်ကြမှာပဲလေ၊ မနှစ်ကတောင် တစ်သိန်းကျော် စျေးပေါက်တယ်ဆိုတော့ ဒီနှစ် တစ်သိန်းခွဲလောက် စျေးပေါက်နိုင်မယ် လို့ ခန့်မှန်းထားတယ်”ဟု မန္တလေး မြို့ခံ ကားအငှားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ ကိုမြင့်လှိုင်က သုံးသပ်သည်။

မန္တလေးမြို့ မဟာသကြင်္န် ကာလတွင် ရေပက်ခံ ကားအငှား စျေးကွက်သာမက ရေပက်ခံကား မောင်းနှင်သော အငှားယာဉ်မောင်းများပါ အလုပ်ဖြစ်လေ့ရှိပြီး ယခုနှစ်တွင် တစ်ရက်လျှင် ကျပ်သုံးသောင်း မှ ကျပ်ငါးသောင်းအထိပေး၍ ငှားရနိုင်ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

”သကြင်္န်တွင်းဆိုရင် ကားပိုင်ရှင်တွေက သူတို့ကိုယ်တိုင်မောင်းတာ နည်းတယ်၊ ကျွမ်းကျင်တဲ့ယာဉ်မောင်းတစ်ယောက်ကို တစ်ရက်နှစ်သောင်းခွဲ၊ သုံးသောင်းပေးပြီး အငှားမောင်းခိုင်းကြတယ်၊ မနှစ်ကတောင် ကျပ်နှစ်သောင်းခွဲက အနည်းဆုံးစျေးပေါက်တော့ ဒီနှစ် အနည်းဆုံး ကျပ်သုံးသောင်းကနေ ငါးသောင်းကြား စျေးပေါက်နိုင်တယ်၊ သကြင်္န်တွင်း အန္တရာယ်များတော့ ကားပိုင်ရှင်တွေအများစုက ဒရိုင် ဘာငှားပြီးမှ ကားအငှားလိုက်ကြတာများတယ်”ဟု  ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ မန္တလေးမြို့ခံတစ်ဦးဖြစ်သူ ဦးမျိုးလွင်က ပြော သည်။

ယခုနှစ် မန္တလေးမြို့တွင် မဟာသကြင်္န်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် ကျုံးအရှေ့ဘက် ၆၆ လမ်း(၁၉ လမ်းမှ ၂၅ လမ်း အတွင်း) တွင် တောသကြင်္န်ညစျေး၊ ၂၆ လမ်း မြောက်ဘက် ပေ ၄၅ဝ အထိ နေ့/ညစျေးဆိုင်တန်းများ၊ ၁၂ လမ်းမှ လမ်း ၂ဝ ကြားတွင် ရေကစားမ@ပ်များနှင့် လမ်းလျှောက်သကြင်္န်ကို ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းတစ်လျှောက် (၆၆ လမ်းမှ ၇၈ လမ်းကြား) တွင် နေရာပေးထား၍ နိုင်ငံခြားခရီးသွားလုပ်ငန်းရှင်များအသင်းကို ၂၆ လမ်း(၆၆ လမ်းနှင့် ၆၉ လမ်းကြား)တွင် လည်းကောင်း၊ ကျုံးမြောက်ဘက်ခြမ်းတွင် ရေကစားမ@ပ်များ ကို လည်းကောင်း၊ ကျုံးအနောက်ဘက်ခြမ်းတွင် မိသားစု ရေစုပ်စက်များနှင့် ရေကစားမ@ပ်များကို လည်းကောင်း အသီးသီး နေရာသတ်မှတ်ပေးထားပြီး မြို့တွင်းရပ်ကွက်များ၊ ကန်တော်ကြီးအနီးတစ်ဝိုက်နှင့် မနော်ရမ္မံကွင်းတွင် လူငယ်များ ရေကစားနိုင်ရန် နေရာများကိုလည်း ခွင့်ပြုပေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here