မန္တလေး၊ အောက်တိုဘာ ၇
မန္တလေးမြို့တွင် ပြည်သူနှင့် စည်ပင်ပူးပေါင်း၍ လမ်းမီးတိုင်များ စိုက်ထူလာခဲ့ရာ ယခုအခါ ၂၁,၀၈၅ တိုင် ရှိသွားပြီဖြစ်ပြီး တစ်မြို့လုံးနီးပါး လင်းထိန်နေပြီဟု မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ပြောသည်။
“မြို့တော်လုံခြုံရေးကို အများကြီးအထောက်အကူပြုနေပါပြီ” ဟု ၎င်းက ဆိုသည်။
မန္တလေးမြို့တွင် ယခင်က လမ်းမီးများ အလုံအလောက်မရရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှ မီနီ ဘတ်ဂျက်စ၍ လမ်းမီးအသစ်များကို Streetlight Technology အရ တိုင်အမြင့်၊ Arm Length and Angulation နှင့် LED မီးသီး၏ ၀ပ်အား၊ လမ်းအကျယ်အပေါ်မူတည်ကာ တိုင် တစ်တိုင်နှင့်တစ်တိုင် အကွာအဝေးကို တွက်ချက် စိုက်ထူခဲ့ခြင်းကြောင့် အလင်းအားပိုမိုကောင်းမွန်၍ ညီညီညာညာရှိလာကြောင်း၊ လမ်းမီးတိုင်အတွက် လှူချင်သော ပြည်သူလူထု၏ ထည့်၀င်လှူဒါန်းမှုများကို ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလမှစတင်ခဲ့ပြီး ယနေ့အထိ အလှူရှင်များလှူဒါန်းခဲ့သည့် မီးတိုင်ရေ ၂,၈၄၂ တိုင်ရှိကာ ဘတ်ဂျက်နှင့် ပြည်သူအလှူ စုစုပေါင်း စိုက်ထူခဲ့သည့် မီးတိုင်ရေ ၂၁,၀၈၅ တိုင်ရှိသွားပြီဖြစ်ကြောင်း မန္တလေးမြို့တော်၀န် ဒေါက်တာရဲလွင်က ထပ်မံပြောဆိုသည်။
“မီးတိုင်ကိုလည်း ကွန်ကရစ်တိုင်တွေအစား လမ်းမီးထွန်းဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ GI Pole with Arms တွေကို သုံးခဲ့ပါတယ်၊ LED မီးသီးကအစ အရည်အသွေးကောင်းတဲ့ အမျိုးအစားတွေကိုပဲ စိစစ်ရွေးချယ် ၀ယ်ယူခဲ့တာပါ၊ အာမခံ ခုနစ်နှစ် ပေးပါတယ်၊ လမ်းအကျယ်အပေါ်မူတည်ပြီး ဝပ် ၁၂၀ နဲ့ ၆၀ ၀ပ်တွေ သုံးတာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မန္တလေးမြို့တွင် တစ်မြို့လုံးရှိ လမ်းအားလုံးနီးပါး၌ လမ်းမီးတိုင်များ စိုက်ထူထွန်းညှိပြီးနောက်ပိုင်း ညပိုင်းဖြစ်ပွားသော ယာဉ်တိုက်မှုနှင့် ဒုစရိုက်မှုများပါ လျော့နည်းလာသည့်အပြင် လုံခြုံရေးအတွက်ပါ များစွာ အထောက်အကူပြုလာကြောင်း မန္တလေးမြို့ခံအချို့ကလည်း သုံးသပ်သည်။
“အရင်က ညပိုင်းဆိုလည်း လမ်းမီးမရှိတော့ ယာဉ်တိုက်မှုတွေ ခဏခဏဖြစ်တယ်၊ အခုနောက်ပိုင်း တော်တော်နည်းလာတာ တွေ့ရတယ်၊ အခုလိုမျိုး မန္တလေးမြို့တင်မကဘဲ တစ်တိုင်းလုံး၊ တစ်နိုင်ငံလုံး လုပ်ဆောင်နိုင်ရင်တော့ တစ်နှစ်တစ်နှစ် ယာဉ်တိုက်မှုတို့၊ အမှုအခင်းတို့ တအားလျော့လာမှာ” ဟု မဟာအောင်မြေမြို့နယ်တွင် နေထိုင်သူ မန္တလေးမြို့ခံ ကိုသန်းဇော်ဦးက သုံးသပ်ပြောဆိုသည်။
မန္တလေးမြို့ရှိ နန်းမြို့ရိုးကျုံးဘေးဖြစ်သော ၂၆ လမ်း ပလက်ဖောင်းတွင်လည်း လျှပ်စစ်မီးထွန်းညှိပေးနိုင်ရန် ပစ္စည်းများ မကြာမီ ရောက်ရှိတော့မည်ဖြစ်ကာ မီးတိုင်အားလုံး၏ အဖွင့်/အပိတ်အပြင် အပူချိန်၊ စိုထိုင်းဆနှင့် LED မီး လင်းအားအခြေအနေတို့ကိုပါ Control Center မှတစ်ဆင့် ကြည့်ရှုစစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- ဦး Ye Lwin FB