မန္တလေးတွင်  နံပါတ်ပြားတပ်ဆင်ထားခြင်းမရှိသော   ဆိုင်ကယ်အများအပြား   တွေ့နေရဟု  ဆို

1391

မန္တလေးမြို့တွင် ယခုလအတွင်း ဆိုင်ကယ်နံပါတ်ပြား တပ်ဆင်ခြင်း မရှိဘဲ လမ်းမကြီးများပေါ်တွင် မောင်းနှင်သွားလာနေသည့် ဆိုင်ကယ်အများအပြား တွေ့ရှိနေရပြီး မလိုလားအပ်သော အမှုအခင်းများ ဖြစ်ပွားနိုင်သည့်အတွက် ကြပ်မတ်ပေးစေလိုကြောင်း မန္တလေးမြို့ခံများက ပြောကြားသည်။

 

”ဒီလထဲမှာကို နေ့ခင်းဘက်မှာရော ညဘက်မှာပါ ဆိုင်ကယ်နံပါတ်ပြား မတပ်ထားတဲ့ ဆိုင်ကယ်တွေ အများကြီးတွေ့နေရတယ်၊ ဆိုင်ကယ်နဲ့လုယက်တဲ့ အမှုအခင်းတွေ ကျူးလွန်ရာမှာလည်း နံပါတ်ပြားမတပ်တဲ့ ဆိုင်ကယ်တွေ များတယ်၊ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆိုင်ကယ်နံပါတ်ပြား မတပ်တဲ့ဆိုင်ကယ်တွေကို သေချာကြပ်မတ်ပြီး ထိထိရောက်ရောက် အရေးယူစေချင်တယ်”ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူ မန္တလေးမြို့ခံ ဦးသူရက ပြောသည်။

 

မန္တလေးမြို့တွင် ယခုလအတွင်း ဆိုင်ကယ်နံပါတ်ပြား တပ်ဆင်ထားခြင်းမရှိသည့် ဆိုင်ကယ်များအပြင် တရားဝင်ထုတ်ပေးထား ခြင်းမရှိသော အမေရိကန်အလံတံဆိပ်ပါ အဂင်္လိပ်အက္ခရာများ တပ်ဆင်၍ စီးနင်းမှုများကိုပါ တွေ့ ရှိနေကြောင်း သိရသည်။

 

”ဆိုင်ကယ် ဖောင်းကြွနံပါတ် ပြားမရသေးလို့ဆိုလည်း ယာယီနံပါတ်တော့ တပ်ထားရမယ်၊ အခုဟာက နံပါတ်လုံးဝမတပ်တဲ့ ဆိုင်ကယ်တွေ ဒီအတိုင်းပေါ်တင်ပဲ ခပ်တည်တည်နဲ့စီးနေကြတယ်၊ ဒါလုံးဝမဖြစ်သင့်ဘူး၊ ဒီအတိုင်းလွှတ်ထားရင် အရင်လို လုယက်မှုတွေ ခပ်စိပ်စိပ် ပြန်ဖြစ်လာနိုင်တယ်၊ တချို့ဆိုရင် နံပါတ်ပြားတော့ မဟုတ်ဘူး၊ တခြားနိုင်ငံ တံဆိပ်တွေကပ်၊ အဂင်္လိပ်အက္ခရာတွေတပ် ပြီးစီးတဲ့ ဆိုင်ကယ်တွေတောင်ရှိသေးတယ်၊ အဲဒီလိုမျိုးဆိုင်ကယ်တွေကို ဥပဒေနဲ့အညီ တစ်ပြေးညီ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်”ဟု အောင်မြေသာစံမြို့ နယ်တွင်နေထိုင်သူ မန္တလေးမြို့ခံ တစ်ဦးကလည်း ဆိုသည်။

 

ယင်းကိစ္စနှင့်ပတ်သက်၍ မန္တလေးတိုင်း အမှတ်(၁၄)ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲမှူးရုံးသို့ သွားရောက် မေးမြန်းရာ ”ဆပရိုက်ချက်ကို တစ်မြို့နယ်တစ်ဖွဲ့နှုန်းနဲ့ နေ့စဉ်လုပ်နေတယ်၊ အဲဒီလိုလုပ်နေတုန်း စစ်ဆေးတဲ့ဧရိယာအတွင်းမှာ တွေ့ရင်တော့ မော်တော်ယာဉ်ဥပဒေနဲ့ အရေးယူပါတယ်၊ လမ်းပေါ်မှာနံပါတ် မတပ်ထားလို့ဆိုပြီး လှမ်းမြင်လိုက်တဲ့ဆိုင်ကယ်ကို လိုက်ဖမ်းတာမျိုးတော့ မရှိပါဘူး၊ အဓိကကတော့ အဲဒီလိုနံပါတ်မပါတဲ့ ဆိုင်ကယ်တွေကလည်း လမ်းပေါ်ထွက်မောင်းရင် ဆပရိုက်ချက်ရှိတဲ့နေရာ မြင်လိုက်တာနဲ့ ရှောင်မောင်းကြတာများတယ်၊ အဲဒါကြောင့် အကုန်မဖမ်းမိတာလည်း ပါတာပေါ့”ဟု အဆိုပါ ရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here