မန္တလေးတွင် ထိုင်း Honda Click နှင့် Scoopyi ဆိုင်ကယ်များ တစ်လကျော်အတွင်း ကျပ်တစ်သိန်းမှ နှစ်သိန်းအထိ စျေးကျ

289

 

မန္တ​လေး၊ စက်တင်ဘာ ၂၄

ယခု Covid-19 ဒုတိယလှိုင်းကာလ စက်တင်ဘာလတတိယပတ်၌ မန္တလေးမြို့တွင် ထိုင်း Honda Click နှင့် Scoopyi ဆိုင်ကယ်များ တစ်လကျော်ကာလအတွင်း အနည်းဆုံး ကျပ်တစ်သိန်းမှ နှစ်သိန်းအထိ တစ်ဟုန်ထိုးစျေးကျလာကြောင်း မန္တလေးမြို့ရှိ ဆိုင်ကယ်အရောင်းပြခန်းများထံမှ စုံစမ်းသိရသည်။

“ဒီရက်ပိုင်း ငွေစျေးကြောင့် သိသိသာသာ စျေးကျလာတယ်၊ ပြီးတော့ အရင်လက ဆိုင်ကယ်တွေက လိုချင်သလောက်မှာမရတော့ လု၀ယ်ရတဲ့အချိန်မှာ စျေးတွေက အ​တော်တက်သွားတယ်၊ အခုကျတော့ ဟိုးအရင်တုန်းက ပုံမှန်​စျေးတန်းလောက် ပြန်ဖြစ်သွားတဲ့သဘောပေါ့၊ စျေးတန်းက Click ရော၊ Scoopyi ရော စျေးကျသွားတယ်” ဟု မန္တလေးမြို့ JIAFA ဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် ကိုဘိုဘိုမြတ်ကျော်က ပြောကြားသည်။

မန္တလေးမြို့တွင် ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း ဆိုင်ကယ်အရောင်းပြခန်းများကို ပိတ်ပင်ခိုင်းခြင်းမရှိသေးသည့်အတွက် ဆက်လက်ဖွင့်ထားဆဲဖြစ်သော်လည်း နေ့စဉ် လာရောက်၀ယ်ယူသူမရှိအောင်ပင် အရောင်းအေးနေကြောင်း မန္တလေးမြို့ရှိ ဆိုင်ကယ်အရောင်းပြခန်းများထံမှ ထပ်မံသိရသည်။

“ဒီလထဲမှာ ဆိုင်ကယ်ရောင်းအား လုံး၀ကျသွားတယ်၊ ဒီရက်ပိုင်းဆို တစ်ရက်ကို တစ်စီး၊ နှစ်စီးရောင်းထွက်ဖို့တောင် မလွယ်ဘူးဖြစ်နေတယ်၊ လက်ငင်းလည်းလာ၀ယ်သူမရှိသလို အရစ်ကျလည်း လာ၀ယ်သူမရှိဘူး၊ ဒီကာလကတော့ ငွေရှိရင်တောင် ရောဂါပိုး အခြေအနေတွေက ဘာမှန်းမသိတော့ ရှိထားတဲ့ငွေကို ဘယ်သူမှ မသုံးချင်ကြဘူးလေ၊ နောက်လလည်း ဒီပုံစံအတိုင်း ဖြစ်နေဦးမှာပဲ၊ Covid-19 ငြိမ်သွားမှပဲ အ၀ယ်ပြန်လိုက်လာနိုင်မယ့်သဘောရှိနေတယ်” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုရှမ်းလေးက ဆိုသည်။

မန္တလေးမြို့တွင် စက်တင်ဘာ ၂၄ ရက်နေ့၌ ထိုင်း Honda Click 125 ကျပ် ၂,၇၉၀,၀၀၀၊ Click 150 ကျပ် ၃,၁၅၀,၀၀၀၊ Scoopyi စပုတ် (အနက်) ကျပ် ၂,၅၅၀,၀၀၀၊ Scoopyi စပုတ် (အဖြူ ၊ အနီ) ကျပ် ၂,၅၀၀,၀၀၀၊ Scoopyi ဒလက် ကျပ် ၂,၅၅၀,၀၀၀ စသော နှုန်းထားများ ပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here