မန္တလေးတွင် တစ်နှစ်ခွဲနီးပါးကာလအတွင်း စည်းကမ်းဖောက်ဖျက်သည့် သုံးဘီးဆိုင်ကယ်များ အရေးယူခဲ့သည့်အမှု ၂၂၂ မှုရှိ

182

 

မန္တလေး၊ ဇွန် ၁၄

တုပ်တုပ် (ခေါ်) ခရီးသည်တင်သုံးဘီးဆိုင်ကယ်အစီးရေ အဆမတန်များပြားလာသော မန္တလေးမြို့တွင် ၂၀၁၉ ခုနှစ် နှစ်စမှ ၂၀၂၀ ပြည့်နှစ်၊ မေလအထိ စည်းကမ်းဖောက်ဖျက်သည့် သုံးဘီးဆိုင်ကယ်များကို အရေးယူခဲ့ရသည့်အမှုပေါင်း ၂၂၂ မှုရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။

ထိုသို့ အရေးယူခဲ့ရာတွင် အကြောင်းအရင်း ငါးခုရှိပြီး ၂၀၁၉ ခုနှစ်အတွင်းက ယာဉ်သက်တမ်းလွန်ခြင်း၊ လိုင်စင်မပါဘဲမောင်းနှင်ခြင်း သုံးမှု၊ ယာဉ်မောင်းလိုင်စင်မပါဘဲမောင်းနှင်ခြင်း ၁၅ မှု၊ ယာဉ်မောင်းလိုင်စင်မရှိဘဲမောင်းနှင်ခြင်း ၁၁ မှု၊ သတ်မှတ်လိုင်စင်နှင့်မမောင်းခြင်း ခုနစ်မှုနှင့် မဝင်ရလမ်းများဝင်ရောက်ခြင်း ၄၈ မှုရှိကာ စုစုပေါင်း ၈၄ မှုကို အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ယခု ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မေလအထိ အရေးယူခဲ့ရာတွင်လည်း အကြောင်းအရာ ငါးခုရှိကာ ယာဉ်သက်တမ်းလွန်မောင်းနှင်ခြင်း၊ လိုင်စင်မပါရှိဘဲမောင်းနှင်ခြင်း နှစ်မှု၊ ယာဉ်မောင်းလိုင်စင်မပါခြင်း ၃၇ မှု၊ အချက်ပြမီးမလိုက်နာခြင်း နှစ်မှု၊ သတ်မှတ်လိုင်စင်နှင့်မမောင်းခြင်း ၃၂ မှုနှင့် မဝင်ရလမ်းများဝင်ရောက်ခြင်း ၆၅ မှုရှိကာ စုစုပေါင်း ၁၃၈ မှု စည်းကမ်းထိန်းသိမ်းကြပ်မတ်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးကျော်ကျော်မင်းက ထပ်မံပြောကြားသည်။

“မန္တလေးမြို့ပေါ်မှာ တပ်ဖွဲ့စု ၁၃ စု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အရာရှိ ၅၈ ဦး၊ အခြားအဆင့် ၂၃၇ ဦး။ စုစုပေါင်း ၂၉၅ ဦးနဲ့ ဆောင်ရွက်လျက်ရှိပါတယ်၊ နယ်ခရိုင်မြို့ ခြောက်မြို့မှာတော့ တပ်ဖွဲ့စု ခြောက်စု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား အရာရှိ ၂၃ ဦး၊ အခြားအဆင့် ၁၅၃ ဦး စုစုပေါင်း ၁၇၆ ဦး နဲ့ စုဖွဲ့ဖြန့်ခွဲပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ အဓိကလုပ်ငန်းတွေဖြစ်တဲ့ ယာဉ်လမ်းရှင်းလင်းရေးနဲ့ စိစစ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မန္တလေးမြို့အတွင်း ခရီးသည်တင်သုံးဘီးဆိုင်ကယ်များအနေဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင်ခြင်း၊ သတ်မှတ်ထားသည့်လမ်းများတွင်သာ မောင်းနှင်ခြင်းနှင့် ယာဉ်မောင်းများ၏ ကိုယ်ပိုင်အသိတို့ဖြင့် မောင်းနှင်ပါက ကောင်းမွန်သည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကာ အရေးယူခံရမှုလည်း လျော့ကျနိုင်ပြီး ယာဉ်အန္တရာယ်ဖြစ်ပွားမှု လျော့ကျစေမှာသေချာကြောင်း ဗိုလ်မှူးကြီးကျော်ကျော်မင်းက ထပ်မံပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here