မန္တလေးတွင် ညအချိန် ရှေ့မီးမဖွင့်ဘဲမောင်းနှင်သော မော်တော်ယာဉ်များကို အရေးယူကြပ်မတ်ရန် လိုအပ်နေ

117

 

မန္တလေး၊ နိုဝင်ဘာ ၂၅

မန္တလေးမြို့တွင် လမ်းအများစု၌ လမ်းမီးများလင်းထိန်လာပြီးနောက်ပိုင်း ညအချိန်သွားလာသော မော်တော်ယာဉ်အချို့သည် ရှေ့မီးမဖွင့်တော့ဘဲ မောင်းနှင်မှုများရှိနေရာ ထိုသို့ မောင်းနှင်မှုများက လမ်းမီးမှိန်သောနေရာများတွင် ယာဉ်တိုက်မှုများ ဖြစ်ပွားနိုင်သည့်အတွက် အရေးယူကြပ်မတ်ပေးစေလိုကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“အခုဆို တချို့ကားတွေက ညပိုင်း မီးမဖွင့်ဘဲ မောင်းလာကြတယ်၊ လမ်းမီး တအားလင်းတဲ့နေရာတွေမှာ ထင်ထင်ရှားရှားမြင်ရနိုင်ပေမဲ့ လမ်းမီးနည်းနည်းမှိန်တဲ့နေရာတွေဆို သူတို့က ဘွားခနဲပေါ်လာ၊ ကိုယ်က လမ်းအဖြတ်နဲ့ တိုက်မိမလိုဖြစ်တာ ခဏခဏရှိနေပြီ၊ ညပိုင်းအချိန် အဲဒီလို ညမီးမဖွင့်ဘဲမောင်းတဲ့ကားတွေကို ထိထိရောက်ရောက် အရေးယူစေချင်တယ်” ဟု ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သူ မန္တလေးမြို့ခံ ကိုနိုင်ဝင်းထွန်းက ပြောသည်။

မန္တလေးမြို့တွင် လမ်းတိုင်းလိုလို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက လမ်းမီးများ ထွန်းညှိပေးပြီးနောက်ပိုင်း လုယက်မှုအပါအဝင် ယာဉ်တိုက်မှုများလည်း လျော့နည်းလာသည့်အတွက် ဝမ်းသာဖွယ်ရာဖြစ်ကြောင်း၊ ယခုအခါ Covid-19 ကာလဖြစ်သည့်အတွက် ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် တစ်ထောင့်တစ်နေရာမှ ကူညီပေးနေရသော ယာဉ်ထိန်းရဲ၊ စည်ပင်၊ နယ်မြေခံရဲ စသည့်ဌာနများရှိ ဝန်ထမ်းများမှာ မအားလပ်သည်ကို နားလည်ပေးနိုင်သော်လည်း ညပိုင်းအချိန် ကားရှေ့မီးမဖွင့်ဘဲ မောင်းနှင်သော မော်တော်ယာဉ်များကို ရှောင်တခင်စစ်ဆေး အရေးယူပေးစေလိုကြောင်း မန္တလေးမြို့ခံများက ထပ်မံပြောဆိုသည်။

“ဒီအချိန်မှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး မအားကြဘူး၊ ဒါကို နားလည်တယ်၊ ဒါပေမဲ့ တစ်ဖက်မှာက ကြပ်မတ်မှုနည်းရင်နည်းသလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်လာကြတာတွေရှိတော့ တချို့ရက်တွေမှာ ရွေ့လျားစနစ်နဲ့ ရှောင်တခင်စစ်ဆေးအရေးယူစေချင်တယ်၊ ညပိုင်းဆို ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာတော့ ညတိုင်းစစ်နေတာတွေ့တယ်၊ နေ့စဉ် အဲဒီနေရာတင်မကဘဲ ရွေ့လျားစနစ်နဲ့ ရှောင်တခင် စစ်ဆေးအရေးယူစေချင်တယ်” ဟု အောင်မြေသာစံမြို့နယ်တွင်နေထိုင်သူ ဦးရန်နိုင်ထွန်းက ဆိုသည်။

မန္တလေးခရိုင်တွင် ယခု ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ပြီးခဲ့သည့်အောက်တိုဘာလကုန်အထိ ယာဉ်တိုက်မှု ၂၂၂ မှုဖြစ်ပွားခဲ့သည့်အနက် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၂၂၂ ဦးနှင့် ဒဏ်ရာရရှိသူဦးရေ ကိုးဆယ်ရှိခဲ့ကာ မန္တလေးခရိုင်အတွင်း ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်သည် ယာဉ်တိုက်မှုအများဆုံးဖြစ်ပြီး နေ့လယ် ၁၂ နာရီမှ ည ၁၂ နာရီအတွင်းသည် ဖြစ်ပွားမှုအများဆုံးဖြစ်ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
မန္တလေးမြို့ ကျုံးအရှေ့ဖက်ခြမ်း တစ်နေရာအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here