မန္တလေးတွင် ဆိုင်ကယ် Taxi များကို  မြို့နယ်များနှင့် ယာဉ်ရပ်နားစခန်းများအလိုက် စနစ်တကျ  ဖွဲ့စည်းသွားမည်

669

မန္တလေး၊ ဇွန်

ခရီးသွားများထံမှ အုပ်စုဖွဲ့ အနိုင်ကျင့် လုယက်မှုတို့ကြောင့် စီမံချက်ဖြင့် နှိမ်နင်းခဲ့ရသော မန္တလေးမြို့ တွင် ဆိုင်ကယ် Taxi များကို စုစည်း၍ မြို့နယ်များနှင့် ယာဉ်ရပ်နားစခန်းများအလိုက် စနစ်တကျ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ‘မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သိရသည်။

”ဆိုင်ကယ် Taxi တွေထဲမှာ အကျင့်စာရိတ္တကောင်းတဲ့သူလည်း ရှိသလို သူတစ်ပါးအပေါ် အနိုင်ကျင့်ပြီး ဈေးမတန်တဆ တောင်းတဲ့သူတွေလည်းရှိတော့ ဒါတွေ ရေရှည် မဖြစ်ဖို့ဆိုရင် သေချာ စနစ်တကျ ဖွဲ့စည်းမှရမယ်၊ အဓိကကတော့ ခရီးသွားတွေအပေါ်မှာ လိမ်လည်တာတွေ လုပ်လို့မရအောင် မနက်ဖြန် ၂၀ ရက်နေ့မှာ ဆိုင်ကယ် Taxi သမားတွေကို အစည်းအေ၀း ခေါ်ထားတယ်၊ အစည်းအေ၀းမှာ ၀ိုင်း၀န်းဆွေးနွေးပြီးတာနဲ့ ဂိတ်နေရာတွေကအစ သေချာသတ်မှတ်ပေးသွားမယ်”ဟု ‘မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာန’မှ ခေတ္တဌာနမှူး ဦးမောင်မောင်မြင့်က ဇွန် ၁၉ ရက် တွင် ပြောကြားသည်။

လက်ရှိတွင် ဆိုင်ကယ် Taxi များအားလုံး မိမိအစီအစဉ်ဖြင့် မိမိ ပြေးဆွဲနေရုံသာမက ဈေးနှုန်း သတ်သတ်မှတ်မှတ် မရှိခြင်းကြောင့် နယေ်၀းခရီးသွားများမှာ ၀န်ထုပ်၀န်ပိုးဖြစ်နေကာ ငွေကြေး မတတ်နိုင်သူများအတွက် များစွာ အခက်တွေ့ရကြောင်း၊ ထို့ကြောင့် ယခုအခါ မန္တလေးမြို့နယ် ခြောက်မြို့နယ် အတွင်း လူစည်ကားရာနေရာများ၊ ဈေးများ၊ ဆေးရုံများ စသည့်နေရာများတွင် ဂိတ်နေရာ သီးသန့် သတ်မှတ်ပေး၍ ဈေးနှုန်းများပါ အကွာအေ၀းအလိုက် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။

”လမ်းတစ်ပြကို တစ်ရာကျပ်နှုန်း၊ ၁၀ ပြဆို တစ်ထောင်၊ ၁၀ ပြထက်ကျော်ရင် တစ်ပြကို ငါးဆယ်ကျပ်နှုန်းနဲ့ အငှားလိုက်ခိုင်းဖို့ လောလောဆယ် လျာထားတယ်၊ ၂၀ ရက်နေ့ ဆိုင်ကယ် Taxi သမားတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဆွေးနွေးပြီးမှပဲ ဈေးနှုန်းက  တိတိကျကျ သိရမယ်၊ သူတို့ကို ဂိတ်နေရာတွေကအစ သီးသန့်သတ်မှတ်ပေးပြီး ဈေးနှုန်းကအစ သတ်မှတ်နှုန်းထက် ပိုတောင်းခွင့် မရှိဘူး၊ ဆွေးနွေးပွဲ ပြီးတာနဲ့ ဆိုင်ကယ် Taxi သမား တွေရဲ့ဓာတ်ပုံ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်နဲ့ ကိုယ်ရေးအချက်အလက်တွေ ကောက်ယူသွားမယ်၊ အဲဒီ ကိုယ်ရေးအကျဉ်းတွေနဲ့ မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်တွေကိုပဲ Taxi အဖြစ် ပြေးဆွဲခွင့်ပေးသွားမယ်၊ မှတ်ပုံမတင်ရင်တော့ နောက်ပိုင်း လုံး၀ပြေးဆွဲခွင့်ပြုမှာမဟုတ်ဘူး”ဟု ယင်းဌာနမှ ခေတ္တဌာနမှူး ဦးမောင်မောင်မြင့်က ထပ်မံဆိုသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ အပါအ၀င် အခြားသောမြို့များတွင်လည်း ဆိုင်ကယ် Taxi များကို ဌာနဆိုင်ရာများမှ ဦးဆောင်၍ စနစ်တကျ ဖွဲ့စည်းလေ့ရှိပြီး ယခုအခါ မန္တလေးမြို့တွင်လည်း ယင်းသို့ ဖွဲ့စည်းနိုင်ပါက ဆိုင်ကယ်ဖြင့် အုပ်စုဖွဲ့အနိုင်ကျင့် လုယက်မှုများ လျော့ကျသွားနိုင်မည်ဟု ထင်မြင်မိကြောင်း မန္တလေးမြို့ခံအချို့က သုံးသပ်သည်။

”ဆိုင်ကယ် Taxi တွေကို စနစ်တကျ ဖွဲ့စည်းပေးနိုင်ရင် ခရီးသွားတွေအတွက် လုံခြုံတာပေါ့၊ အခုဟာ နယေ်၀းက ခရီးသွားတွေအတွက်က နယ်ခံရှိမှ လာရဲတဲ့ပုံစံ ဖြစ်နေတော့တာ၊ ဒါတောင် တချို့ က မှတ်ပုံမတင်ဘဲ ပြေးဆွဲနေတဲ့သူတွေ ရှိနေမှာဖြစ်တဲ့အတွက် အဲဒီလို မှတ်ပုံမတင်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့တော့လိုတယ်”ဟု မဟာအောင်မြေ မြို့နယ်တွင်နေထိုင်သူ မန္တလေးမြို့ခံ တစ်ဦးက သုံးသပ်သည်။

ကျော်ကျော်အောင် (ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here