မန္တလေးတွင် ဆိုင်ကယ် Showroom များ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သော်လည်း စျေးဦးမပေါက်သည့်ရက်များ ဆက်တိုက်ကြုံတွေ့နေရဟုဆို

303

 

မန္တ​လေး၊ ​မေ ၃၁

ဆိုင်ကယ်မြို့တော်ဟု တင်စားကြသော မန္တလေးမြို့တွင် ဆိုင်ကယ် Showroom များ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း နေ့စဉ် စျေးဦးမပေါက်သည့်ရက်များ ဆက်တိုက်ကြုံတွေ့နေရပြီး အရောင်းစျေးကွက် လုံးဝအေးစက်နေကြောင်း ဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“ဒီရက်ပိုင်း ကျွန်တော့်ဆိုင်မှာ တချို့ရက်တွေ တစ်ရက် တစ်စီးလောက် ရောင်းရတယ်၊ တချို့ရက်တွေလည်း စျေးဦးမပေါက်ဘူး၊ ကျွန်တော့်သူငယ်ချင်းဆိုင်ဆို သုံးရက်နေလို့ တစ်စီးမရောင်းရဘူး၊ ဒါနဲ့ တခြားဆိုင်တွေမေးကြည့်တော့လည်း တစ်ရက်နေလို့ တစ်စီးရောင်းရဖို့ တော်တော်ခဲယဉ်းတယ်၊ ဆိုင်ကယ်ဆိုတာ ဇိမ်ခံပစ္စည်းသုံးတစ်မျိုးဖြစ်နေတော့ Covid-19 ကြောင့် စီးပွားရေးတွေ ထိခိုက်ကုန်တဲ့အချိန်မှာ ဆိုင်ကယ်ဘက်ကို မလှည့်နိုင်ဘူး၊ မ၀ယ်နိုင်ဘူးဖြစ်ကုန်တယ် ” ဟု မန္တလေးမြို့တွင် Auto 38 ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ထားသူ ကိုအောင်ရီစိုးက ပြောကြားသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်အရောင်းပြခန်းများကို မေ ၁၆ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည့်အတွက် ယခုအခါ တစ်မြို့လုံးရှိ ဆိုင်ကယ်အရောင်းပြခန်း အားလုံးနီးပါး ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သော်လည်း ၀ယ်ယူသူမရှိမှုနှင့် ရင်ဆိုင်နေရကြောင်း၊ ယခင်နှစ်များက ကျောင်းဖွင့်ချိန်ကာလတွင် တရုတ်ဆိုင်ကယ်များ အ၀ယ်လိုက်လေ့ရှိသော်လည်း ယခု Covid-19 ရောဂါပိုးကြောင့် စီးပွားရေးများ ထိခိုက်နေချိန်တွင် လကြာရှည်စွာ အရောင်းစျေးကွက် အေးစက်နေဦးမည်ဖြစ်ကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများထံမှ သိရသည်။

“မိုးတွင်းကာလဆို အရောင်းပါးလေ့ရှိတဲ့အချိန်မှာ အခုလိုမျိုး အခြေအနေနဲ့ပါ ကြုံလိုက်တော့ ရှေ့လျှောက် ရောင်းကောင်းဖို့မလွယ်ဘူး၊ လစဉ် ဆိုင်ခန်းငှားခ၊ ၀န်ထမ်းစရိတ်၊ မီတာခဖိုးရအောင်ကို တော်တော်ရုန်းရမယ့်အနေအထားဖြစ်နေတယ်၊ ဒီအတိုင်းဆို ဒီနှစ်ကုန် ဒီဇင်ဘာမှာ တက္ကသိုလ်တွေဖွင့်ချိန် စျေးကွက်ကိုပဲ မျှော်ရတော့မှာ” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေးမြို့ မော်တော်ဆိုင်ကယ်စျေးကွက်သည် ၂၀၁၇ ခုနှစ်ကတည်းက အရစ်ကျစနစ်သာ အားထားရောင်းချခဲ့ရပြီး ယခုကဲ့သို့ Covid-19 ရောဂါပိုးလျော့ကျသွားမှုကာလအလွန်တွင်လည်း အရစ်ကျစနစ်ဖြင့်၀ယ်ယူမှု ၉၀ ရာခိုင်နှုန်းအထိ ရောက်ရှိနေဦးမည်ဖြစ်ကြောင်း ဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။ လက်ရှိတွင် မြ၀တီနယ်စပ်ဘက်မှတင်သွင်းသော ထိုင်းနိုင်ငံထုတ် Honda ဆိုင်ကယ်အချို့ ကျပ် သုံးသောင်းမှ ငါးသောင်းအထိ စျေးအနည်းငယ်တက်သော်လည်း တရုတ်ဆိုင်ကယ်များမှာမူ စျေးအတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here