မန္တလေးတွင် ဆိုင်ကယ်ဦးထုပ်ခိုးခံရမှုများ မကြာခဏဖြစ်ပွားနေ

697

ဆိုင်ကယ်မြို့တော်ဟု ခေါ်ဆိုကြ သည့် မန္တလေးမြို့တွင် ယခုလအတွင်း လမ်းဘေး၌ ရပ်နားထားသော ဆိုင်ကယ်များမှ ဆိုင်ကယ် ဦးထုပ်ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မန္တလေးမြို့ခံများထံမှ စုံစမ်းသိရသည်။

 

”မန္တလေးမှာ ဒီလထဲ ဆိုင်ကယ်ခိုးတာတွေလည်း တောက်လျှောက်ဖြစ်နေသလို ဆိုင်ကယ်ဦးထုပ်က အစ ခိုးနေကြတယ်၊ ကျွန်တော်ဆိုရင် ကိုယ်ဆောင်းတာက မျက်နှာအုပ်အပြည့် ဆိုင်ကယ်ဦးထုပ် အကောင်းစားတွေပဲ ဆောင်းဖြစ်တော့ ဆိုင်ကယ်မှာချိတ်ထားခဲ့ပြီး အိမ်ထဲဝင်နေတာ တစ်ပတ်အတွင်း နှစ်လုံးခိုးခံရတယ်၊ တခြားသူတွေလည်း တောက်လျှောက်ခိုးခံနေရတာပဲ၊ ဆိုင်ကယ်ဦးထုပ်တစ်လုံးတည်းဆိုတော့ ရဲစခန်းတိုင်လို့က မဖြစ်နဲ့ စိတ်ညစ်ပါတယ်”ဟု အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ မန္တလေးမြို့ခံကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

 

မန္တလေးမြို့အတွင်း လမ်းဘေး၌ ဆိုင်ကယ်ခေတ္တရပ်နားထားခဲ့စဉ် ဆိုင်ကယ်ဦးထုပ်ကို လက်ကိုင်၊ သို့မဟုတ် ဆိုင်ကယ်ဦးထုပ်ချိတ်တွင် ချိတ်ထားရာမှ ခိုးယူခံရမှု အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်ဆိုင်ကယ် ဦးထုပ်များထက် ကျပ်တစ်သောင်းအထက် တန်ဖိုးရှိ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်ဦးထုပ်များ ခိုးယူမှုအများဆုံးဖြစ်ကြောင်း မန္တလေးမြို့ခံများထံမှ စုံစမ်းသိရသည်။

 

”အကောင်းဆုံးကတော့ ကိုယ့်ဆိုင်ကယ် Tool Box ထဲ ထည့်သွားတာ စိတ်ချရတယ်၊ Tool Box မကျယ်ဘူးဆိုရင်တော့ ကိုယ်သွားလေရာ ယူသွားပေါ့၊ ဆိုင်ကယ် ဦးထုပ်တစ်လုံးရဲ့တန်ဖိုးက တခြား ပစ္စည်းတွေနဲ့တွက်ရင် ငွေပမာဏ နည်းပေမဲ့ အမြဲတမ်းပျောက်နေတယ်ဆိုရင် မဆောင်းလို့ကမဖြစ်နဲ့ အမြဲဝယ်နေရရင် သူသူကိုယ်ကိုယ် ငွေကုန်ကြေးကျ များလာမှာပဲ၊ အထူးသဖြင့် တန်ဖိုးကြီးဆိုင်ကယ် ဦးထုပ်ဆောင်းတဲ့သူတွေ ပိုဂရုစိုက်ရမယ်”ဟု မန္တလေးမြို့ ‘နယူးစကိုင်း ဆိုင်ကယ်အပိုပစ္စည်းဆိုင်’ ပိုင်ရှင် ဦးမောင်မောင်ခက ဆိုသည်။

 

ယခု မိုးတွင်းကာလတွင်  ဆိုင်ကယ်များသာမက ဆိုင်ကယ်ဦးထုပ်ခိုးယူခံရမှုများပါ မကြာခဏ ဖြစ်ပွားလာခြင်းဖြစ်ပြီး အကောင်းဆုံးမှာ ဆိုင်ကယ် Tool Box အတွင်း၊ သို့မဟုတ် မိမိသွားရာနေရာအထိ ယူဆောင်သွားသင့်ကြောင်း ဆိုင်ကယ်အပိုပစ္စည်း ရောင်းချနေသူများက အကြံပြုပြောဆိုသည်။

 

”စီးပွားရေး ကျပ်တည်းတဲ့ ကာလဖြစ်နေတော့ ရရာပစ္စည်းခိုးသလို ဖြစ်နေတယ်၊ ဆိုင်ကယ်ဦးထုပ်လောက် ပျောက်တာကို အသေးအမွှားကအစ နယ်မြေလုံခြုံရေးမရှိဘူးဆိုပြီး ရဲကိုပဲ အပြစ်သွားပြောနေလို့ မရဘူး၊ အဓိက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမှာ၊ ဦးထုပ် မပျောက်ချင်ရင် Tool Box ထဲ သေချာထည့်၊ ဒါမှမဟုတ် ကိုယ်သွားတဲ့နေရာအထိ ယူသွား လုံခြုံစိတ်ချရတဲ့နေရာမှာ အပ်ထားခဲ့ပေါ့၊ အကောင်းဆုံးက ကိုယ်တိုင်ဂရုစိုက်မှရမယ်”ဟု ဦးမောင်မောင်ခက ထပ်မံအကြံပြုသည်။

 

မန္တလေးမြို့တွင် ယခုလအတွင်း ညရော နေ့ပါ နယ်မြေခံရဲတပ်ဖွဲ့၏ လှည့်ကင်းများ ဆောင်ရွက်မှုကြောင့် ဆိုင်ကယ်ဖြင့် လုယက်မှုများ လျော့ကျသွားခဲ့သော်လည်း နေအိမ်အတွင်း ဝင်ရောက်ခိုးယူမှုနှင့် ဆိုင်ကယ်နှင့် ဆိုင်ကယ်ဦးထုပ် ခိုးယူခံရမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here