မန္တလေးတွင် ဆိုင်ကယ်အရစ်ကျရောင်းချထားသည့် ဆိုင်ကယ် Showroom အများစု အခက်တွေ့

97

 

မန္တလေး၊ နိုဝင်ဘာ ၁၁

ဆိုင်ကယ်မြို့တော်ဟု တင်စားကြသော မန္တလေးမြို့တွင် Microfinance ကုမ္ပဏီများမှတစ်ဆင့် အရစ်ကျရောင်းချခြင်းမဟုတ်ဘဲ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဆိုင်ကယ်အရစ်ကျရောင်းချထားသော ဆိုင်ကယ် Showroom အများစုမှာ အခက်တွေ့နေကြကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။

“ဆိုင်ကယ်အရစ်ကျရောင်းထားတဲ့ထဲမှာ ၁၀ ပုံတစ်ပုံလောက်ပဲ လစဉ် ငွေလာသွင်းကြတယ်၊ အများစုက လာမသွင်းနိုင်ကြဘူး၊ တချို့လည်း ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြကြတယ်၊ သူတို့ လုပ်ငန်းတွေအဆင်မပြေလို့ပေါ့၊ တချို့လည်း ဖုန်းဆက်ပြီး တောင်းမရအောင် ဖုန်းပိတ်သွားကြတာတွေရှိတယ်”ဟု မန္တလေးမြို့ Yamasuki ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းတာဝန်ခံ မအိကျော်က ပြောကြားသည်။

ယခု Covid-19 ဒုတိယလှှိုင်းကာလအတွင်း လက်ငင်းစနစ် (သို့) Microfinance ကုမ္ပဏီများမှတစ်ဆင့် အရစ်ကျရောင်းချသော ဆိုင်ကယ် Showroom အများစု အထိမနာသော်လည်း ကိုယ်ပိုင်အစီအစဉ်ဖြင့် ရောင်းချသော ဆိုင်ကယ် Showroom အများစုမှာ အခက်တွေ့နေပြီး Covid-19 ကပ်ရောဂါငြိမ်သက်သွားမှသာ အရစ်ကျသွင်းငွေများ လစဉ်ပုံမှန်ပြန်လာသွင်းနိုင်တော့မည့်အနေအထားရှိနေကြောင်း မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

“ဒီကာလကတော့ ကိုယ့်ဘက်ရော သူ့ဘက်ရော မျှကြည့်ပေးရတာပေါ့၊ စားဝတ်နေရေးတောင် အနိုင်နိုင်ဖြစ်နေတဲ့ကာလမှာ ဆိုင်ကယ်အရစ်ကျဖိုး လစဉ်ပုံမှန်လာသွင်းဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စပါ၊ လစဉ် လကုန်တိုင်းတော့ အရစ်ကျဝယ်ထားတဲ့သူတွေဆီ ဖုန်းဆက်တယ်၊ တချို့လည်း လာသွင်းကြတယ်၊ တချို့လည်း လနောက်ဆုတ်ပေးဖို့ တောင်းဆိုကြတယ်၊ ဒီအတိုင်းဆို လုပ်ငန်းတွေ ပြန်လည်ပတ်တော့မှပဲ အားလုံးအဆင်ပြေကြတော့မှာ” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုဇော်ကြီးက သုံးသပ်သည်။

မန္တလေးမြို့တွင် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ် စသည့် နိုင်ငံအလိုက် ဆိုင်ကယ်အမျိုးအစားအစုံ ရောင်းချလျက်ရှိသည့် ဆိုင်ကယ်အရောင်းပြခန်းပေါင်း ၁၅၀ ကျော်ရှိပြီး အများစုမှာ လက်ငင်းရော အရစ်ကျစနစ်ဖြင့်ပါ Microfinance ကုမ္ပဏီများနှင့်ချိတ်ဆက်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here