မန္တလေး၊ စက်တင်ဘာ ၂၉
မန္တလေးမြို့တွင် Stay at Home သတ်မှတ်ထားသော မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အမရပူရ စသည့် အဆိုပါမြို့နယ် သုံးမြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်းများ စသဖြင့် လိုက်လံရောင်းချသူများအနေဖြင့် နီးစပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ၀င်ထွက်ခွင့်ကတ်ပြား ရယူထားရမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
“Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် သုံးမြို့နယ်အတွင်းမှာ အဓိကလမ်းမကြီးတွေကိုပဲ ဖြတ်သန်းမောင်းနှင်ခွင့် ပေးထားတယ်၊ တခြားလမ်းတွေကို ခွင့်ပြုထားတဲ့လုပ်ငန်းတွေ၊ တာ၀န်ရှိသူတွေနဲ့ အရေးပေါ်ကိစ္စရှိမှပဲ သွားလာခွင့်ပေးမယ်၊ အဲဒီမှာ Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေထဲက စားရေးသောက်ရေးအဆင်ပြေဖို့အတွက် စျေးသည်တွေလည်း ရှိဖို့လိုတယ်၊ အဲဒီအတွက် ဆိုင်ကယ်နဲ့ အိမ်တိုင်ရာရောက် လှည့်လည်ရောင်းချတဲ့ စျေးသည်တွေကို ပြည်သူတွေအဆင်ပြေအောင်လို့ နီးစပ်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ၀င်/ထွက်ခွင့်ကတ်ပြား လျှောက်ထားရယူဖို့လိုမယ်၊ ပြီးရင် သတ်မှတ်စည်းကမ်းတွေနဲ့အညီ ၀င်ထွက်သွားလာ ရောင်းချနိုင်ပါမယ်” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။
Delivery စနစ်ဖြင့် စားသောက်ဖွယ်ရာ လိုက်လံပို့ဆောင်သူများအနေဖြင့်လည်း ၀င်ထွက်သွားလာခွင့်အတွက် ၀င်/ထွက်ခွင့်ကတ်ပြားများကို လုပ်ငန်းရှင်ကိုယ်တိုင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသည့် သတ်မှတ်မြို့နယ်အတွင်းသာ လိုက်လံပို့ဆောင်ရမည်ဖြစ်သည်။
ထို့ပြင် Stay at Home သတ်မှတ်ထားသော မြို့နယ် သုံးမြို့နယ်အတွင်းရှိ စျေးများကိုလည်း နံနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီအထိသာ ဖွင့်လှစ်ရောင်းချရမည်ဖြစ်ပြီး ကျန်အချိန်များတွင် ပိတ်ထားရမည်ဖြစ်ကာ စျေးသည်များအနေဖြင့် နှာခေါင်းစည်း၊ Face Shield ၊ လက်အိတ်များ မဖြစ်မနေ ၀တ်ဆင်ထားရမည်ဖြစ်ကြောင်း၊ ကမ်းနားလမ်းနှင့် ၄၁ လမ်းထောင့်ရှိ ကုန်စိမ်းလက်ကားစျေးများကို နံနက် ၄ နာရီမှ နံနက် ၆ နာရီအထိ တစ်ကြိမ်နှင့် နေ့လယ် ၁၁ နာရီမှ ည ၁၁ နာရီအထိ တစ်ကြိမ် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကျန်အချိန်များတွင် စျေးပိတ်ထားကြရန် စက်တင်ဘာ ၂၈ ရက်ညပိုင်းမှစ၍ ညွှန်ကြားလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသိရသည်။
“Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေထဲက နေအိမ်တွေအနေနဲ့ မဖြစ်မနေစျေး၀ယ်ဖို့ တစ်အိမ်မှာတစ်ဦးပဲ ထွက်လို့ရမယ်၊ အဲဒီအတွက် ၀င်/ထွက်ခွင့်ကတ်ပြားကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက တစ်အိမ်ထောင်ကို တစ်ကတ်နှုန်းနဲ့ ထုတ်ပေးနေတယ်” ဟု ချမ်းအေးသာစံမြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။
ကျော်ကျော်အောင်(ကလေးမြို့)