မန္တလေးတွင်  ဆိုင်ကယ်ထိုင်ခုံသော့ဖျက်၍  Tool Box အတွင်းမှ တန်ဖိုးကြီးပစ္စည်း  ခိုးယူခံရမှုများ  ဖြစ်ပေါ်

1193

မြန်မာနိုင်ငံ၏ ဆိုင်ကယ်မြို့တော်ဟု တင်စားကြသော မန္တလေးမြို့တွင် ဆိုင်ကယ်ထိုင်ခုံသော့အား ဖျက်ဆီး၍ Tool Box အတွင်းမှ တန်ဖိုးကြီးပစ္စည်းရှာဖွေခိုးယူမှုများရှိနေသဖြင့် ဆိုင်ကယ် Tool Box အတွင်းတွင် ငွေကြေး၊ ရွှေ၊ လက်ကိုင်ဖုန်းစသည့် တန်ဖိုးကြီးပစ္စည်းများ ထည့်ကာ သွားလာခြင်းများ မပြုလုပ်ရန် လိုအပ်ကြောင်း ကိုယ်တွေ့ ကြုံရသူများထံမှ သိရသည်။

 

”မနေ့ကပဲ ဆိုင်ကယ်ဝယ်ပြီးလို့အပြန် ဘဏ်ကိုဝင်ပြီး သိန်းနှစ်ဆယ် ဝင်ထုတ်ခဲ့တာ၊ နောက်ကနေ ကပ်ပါလာတာ သတိမထားမိလိုက် ဘူး၊ တစ်နေရာ ဝင်စရာရှိလို့ ဆိုင် ကယ်ကို ဇက်သော့ခတ်ပြီး ထားခဲ့တာ၊ အဲဒါကို ထိုင်ခုံ Lock ကို လက်အားနဲ့ဆွဲမ ဖျက်ဆီးပြီး သိန်း နှစ်ဆယ်စလုံး ခိုးသွားတယ်၊ ပြန်လာတော့  ထိုင်ခုံလည်းပျက်စီးနေတယ်၊ ငွေလည်း ပျောက်နေတယ်၊ တခြားသူတွေလည်း တန်ဖိုးကြီးပစ္စည်း တွေကို Tool Box ထဲ မထည့်ထားတာ အကောင်းဆုံးပဲ”ဟု ယင်း ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံခဲ့ရသူ အသက် ၃၅ နှစ်အရွယ် မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။

 

ထိုင်းနိုင်ငံထုတ် Honda ဆိုင်ကယ်များ၏ ဇက်သော့သည် သော့အုံ၏ ရှေ့အဖုံးလေးကို လုံအောင် ခတ်ထားပါက သော့ဖျက်ရန်ခက်ခဲသော်လည်း ထိုင်ခုံပိတ်သော သော့အိမ်ချိတ်မှာ လူအားသုံးပြီးအရှိန်ဖြင့် ဆွဲမ လိုက်ပါက သော့အိမ် ချိတ် ပျက်စီးသွားနိုင်ကြောင်း၊ ထိုင်ခုံ သော့အိမ်ချိတ်၏ အားနည်းချက်ကို အသုံးပြု၍ Tool Box အတွင်းမှ တန်ဖိုးကြီးပစ္စည်းများ ခိုးယူကြခြင်းဖြစ်ရာ ဆိုင်ကယ်စီးသူများအနေဖြင့် Tool Box  အတွင်း တန်ဖိုးကြီးပစ္စည်းများထည့်၍ မသွားလာသင့်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ အချို့က သတိပေးပြောဆိုသည်။

 

”များသောအားဖြင့် အဲဒီလို ထိုင်ခုံသော့ဖျက်ပြီး Tool Box ထဲက ပစ္စည်းခိုးတဲ့သူတွေနဲ့ လုယက်တဲ့ ကောင်တွေအများစုက ဘဏ်အနီးဝန်းကျင်မှာ ကျက်စားကြတာလည်းရှိတယ်၊ တစ်ခါဆို အမျိုးသမီးတစ်ယောက် ဘဏ်ကနေ ငွေထုတ်ပြီး ဆိုင်ကယ်ရှေ့ခွကြားမှာတင်ပြီး မောင်းနေတာ ဆိုင်ကယ်ကိုတွန်းလှဲပြီး ငွေထုပ်ကို ဆွဲယူ ထွက်ပြေးသွားတယ်၊ ဆိုင်ကယ်လဲနေခဲ့တဲ့ အမျိုးသမီးလည်း နောက်ကကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်လို့ ဒဏ်ရာအတော်လေးရသွားတယ်၊ အဲဒီအချိန် က ပျော်ပွဲရွှင်ပွဲတွေ ပေါတဲ့ရာသီဆိုတော့ သူများတကာလို ငွေသုံးချင်တော့ အချောင်လုယက် လုပ်စားကြတဲ့သဘောပေါ့၊ သက်ဆိုင်ရာက လှည့်ကင်းတွေ နေရာအနှံ့ ချထားပြီး ထိထိရောက်ရောက် ကိုင်တွယ်ပေးစေချင်တယ်”ဟု ကိုယ်တိုင်ကြုံခဲ့ဖူးသူ မန္တလေးမြို့ခံ ကိုတရုတ်ကြီးက ဆိုသည်။

 

မန္တလေးမြို့တော်တွင် ယခု အစိုးရသက်တမ်းအတွင်း ဆိုင်ကယ်အသုံးပြု၍ လုယက်မှုများ လျော့ကျသွားသော်လည်း ဆိုင်ကယ်ခိုးယူမှုများမှာ မကြာခဏဖြစ်ပွားနေဆဲဖြစ်ပြီး ယခုအခါ သီတင်းကျွတ်ပွဲ တော်မတိုင်မီ ဆိုင်ကယ်ထိုင်ခုံ သော့ဖျက်၍ Tool Box အတွင်းမှ တန်ဖိုးကြီးပစ္စည်း ခိုးယူမှုများပါ ဖြစ်ပွားလာကြောင်း မန္တလေးမြို့ခံ များထံမှ စုံစမ်းသိရသည်။

 

”လုယက်မှု ကျူးလွန်တဲ့သူ တွေကို ပြန်မိတာလည်းရှိသလို မမိတာတွေလည်း ရှိပါသေးတယ်၊ အခု သီတင်းကျွတ်ပွဲတော် မတိုင်ခင်ကတည်းက လှည့်ကင်း၊ ပတ်ကင်း၊ ဝပ်ကင်းတွေ တောက်လျှောက် လုပ်နေပါတယ်၊ အကောင်းဆုံးကတော့ ဆိုင်ကယ် အသုံးပြုသူ ကိုယ်တိုင် တန်ဖိုးကြီးပစ္စည်းတွေကို Tool Box ထဲ လက်လွတ်စပယ်ထားပြီး မသွားလာဖို့ လိုပါတယ်၊ ရဲတပ်ဖွဲ့ဘက်ကလည်း ရှိတဲ့အင်အားနဲ့ ပြည်သူတွေလုံခြုံအောင် အထူးကြပ်မတ်ပေးသွားပါ့မယ်”ဟု မန္တလေး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here