မန္တလေးတွင် ခေတ္တပိတ်ထားသော ဆိုင်ကယ်ဝပ်ရှော့အချို့ ပြန်လည်ဖွင့်လှစ်လာ

70

 

မန္တလေး၊ နိုဝင်ဘာ ၁၀

မန္တလေးမြို့တွင် Covid-19 ကပ်ရောဂါကြောင့် ခေတ္တပိတ်ထားသော ဆိုင်ကယ်ဝပ်ရှော့အချို့ နိုဝင်ဘာ ၁၀ ရက်(ယနေ့)မှစ၍ ပြန်လည်ဖွင့်လှစ်လာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။

“Stay at Home နယ်မြေထဲမှာပါလို့ဆိုတာထက် အဓိကကတော့ ပိုးကြောက်လို့ ယာယီပိတ်ထားတာ၊ ပိတ်ထားရတာကြာတော့ စားဝတ်နေရေး အခက်တွေ့လာနိုင်တဲ့အတွက် အခု ဒီနေ့ကစ ပြန်ဖွင့်ဖြစ်တယ်၊ ပြန်ဖွင့်နေပြီဆိုပေမဲ့ ဒီအတိုင်းကြီးဖွင့်တာမဟုတ်ဘဲ ကျန်းမာရေးဌာန ညွှန်ကြားချက်နဲ့ညီအောင် လုပ်ဆောင်ပြီးမှ ဖွင့်ထားတယ်” ဟု မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အမရပူရ စသော အဆိုပါ မြို့နယ် သုံးမြို့နယ်ကို Stay at Home စတင် သတ်မှတ်ချိန် စက်တင်ဘာ ၂၆ ရက်ကတည်းက Stay at Home မြို့နယ်များအတွင်း ပါရှိသော စားသောက်ဆိုင်များ၊ ဆိုင်ကယ်အရောင်းဆိုင်များ၊ ဆိုင်ကယ်ဝပ်ရှော့များ အပါအဝင် ဈေးများပါ ယာယီပိတ်ထားခဲ့ရသည်။ ယခုအချိန်အထိ အဆိုပါသုံးမြို့နယ်ကို Stay at Home သတ်မှတ်ထားမှုမှ ဖြေလျှော့ခြင်းမရှိသေးသော်လည်း စားဝတ်နေရေးခက်ခဲလာသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆိုင်ကယ်ဝပ်ရှော့များမှာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။

“ဆိုင်ကယ်လာပြင်ရင် လာပြင်တဲ့ Customer တွေကို ဆိုင်ထဲ အဝင်မခံသေးဘူး၊ သူတို့အတွက် ထိုင်စောင့်လို့ရအောင် ဆိုင်ရှေ့မှာ ထိုင်ခုံထုတ်ပေးထားတယ်၊ ဆိုင်ကယ်ကိုပဲ ဆိုင်ထဲယူပြီး ပြင်ပေးတယ်၊ ဆိုင်ထဲယူပြင်တဲ့အခါမှာလည်း ဆိုင်ကယ်မပြင်ခင် ဆိုင်ကယ်ကို ပိုးသတ်ဆေး အရင်ဖျန်းတယ်၊ ပြီးမှ ပြင်ဆင်ပေးတယ်၊ ပြင်ဆင်ပေးပြီးတဲ့အခါမှာလည်း ပိုးသတ်ဆေး ထပ်ဖျန်းပြီးမှ Customer လက်ထဲ ပြန်အပ်ပေးတယ်ပေ့ါ၊ ပြီးရင် ပြင်ပေးတဲ့ တပည့်တွေရော လာပြင်တဲ့သူရော အချိန်ပြည့် Mask တပ်ပေးကြဖို့တော့ မေတ္တာရပ်ခံထားရတာပေါ့” ဟု မန္တလေးမြို့ခံ ဝါရင့်ဝပ်ရှော့ဆရာတစ်ဦးဖြစ်သူ ကိုဇော်ဝင်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် Covid-19 ပိုးတွေ့ရှိသူ နေ့စဉ်နှင့်အမျှ တိုးပွားနေပြီး နိုဝင်ဘာ ၉ ရက်အထိ Covid-19 အတည်ပြုလူနာ ဦးရေ ၂,၅၀၀ ဝန်းကျင်ရှိကာ သေဆုံးသူ ၁၃ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here