မန္တလေးတွင် ခရီးသည်တင်သုံးဘီးဆိုင်ကယ်အချို့ ခရီးသည်မရ၍ ထီ၊ ကုန်စိမ်းနှင့် ကုန်ခြောက်များ တင်ဆောင်ရောင်းချလာ

93

 

မန္တ​လေး၊ ​မအာက်တိုဘာ ၂၈

မန္တလေးမြို့တွင် ခရီးသည်တင်သုံးဘီးဆိုင်ကယ်အချို့ Covid-19 ဒုတိယလှိုင်းကာလ၌ ခရီးသည်မရရှိသဖြင့် ထီ၊ ကုန်စိမ်းနှင့် ကုန်ခြောက်များ တင်ဆောင်၍ သုံးဘီးဆိုင်ကယ်စျေးသည်အဖြစ် လှည့်လည်ရောင်းချလာကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

“တုပ်တုပ်တွေက ခရီးသွားရှိမှ အဆင်ပြေတာလေ၊ အခုချိန်ထိ Covid-19 နဲ့ ခရီးသွားမရှိတော့ တချို့လည်း ထီတွေ လက်ကားယူပြီး လှည့်ရောင်းကြတယ်၊ တချို့လည်း ကုန်စိမ်း ဟင်းသီးဟင်းရွက်လေးတွေ၊ ကုန်ခြောက်ပစ္စည်းလေးတွေ တင်ပြီး လှည့်ရောင်းကြတယ်၊ ဒီကာလမှာတော့ ခရီးသည်ရှာနေတာထက် အခုလိုစျေးလှည့်လည်ရောင်းတာကမှ ထမင်းဖိုးလေးရသေးတာဆိုတော့ မဆိုးဘူးပေါ့” ဟု အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူ မန္တလေးမြို့ခံ ကိုနိုင်အောင်ချစ်က ပြောကြားသည်။

မန္တလေးမြို့ပေါ်ရှိ တုပ်တုပ်ဟု လူသိများသော ခရီးသည်တင်သုံးဘီးဆိုင်ကယ်များသည် ပြည်ပခရီးသည်များနှင့် ပြည်တွင်းရှိ အခြားမြို့များမှ လာရောက်သော ခရီးသွားများကို အားကိုးအားထားရလေ့ရှိပြီး ယခုအခါ Covid-19 ကာလဖြစ်သည့်အတွက် ခရီးသွားမရှိချိန်တွင် ယင်းသို့ ပြောင်းလဲလုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

“ဒီရက်ပိုင်းမှာ ပြည်တွင်းခရီးသွားမရှိပေမဲ့ မန္တလေးမြို့ထဲကနေ စျေးသွားဖို့၊ ဟိုနားဒီနားသွားဖို့ဆိုပြီး ငှားကြတာလေးတွေတော့ အနည်းငယ်ရှိတယ်၊ အရင်လို ငွေအများကြီးမ၀င်တော့ပေမဲ့ စားသောက်ဖို့စရိတ်လေးရသေးလို့ တော်သေးတယ်လို့ပြောရမယ်၊ ကျွန်တော်တော့ မြို့ထဲတင် ခရီးသည်ပဲရအောင် ရှာပြေးနေတယ်၊ တချို့လည်း သုံးဘီးနဲ့ စျေးရောင်းနေကြတယ်” ဟု မန္တလေးတောင်ခြေအနီးတွင် နေထိုင်သူ မန္တလေးမြို့ခံ ဦးရွှေမော်က ဆိုသည်။

ယခင်က မန္တလေးမြို့တွင် ကုန်စိမ်း၊ ကုန်ခြောက်များနှင့် ထီများကို တွန်းလှည်း၊ ခွေးဘီလူးကား၊ Light Truck စသည်တို့ဖြင့် လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအခါ သုံးဘီးဆိုင်ကယ်စျေးသည်များလည်း အများအပြား တွေ့မြင်လာရသည်။ ထို့ပြင် အချို့သော သုံးဘီးဆိုင်ကယ်များသည် အိမ်ပြင်မထွက်လိုသည့် နေအိမ်များက ၀ယ်ယူခိုင်းသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များမှ စားသောက်ဖွယ်ရာများနှင့် ကုန်ပစ္စည်းများကို တစ်ဆင့်၀ယ်ယူပေး၍ Delivery ပို့ဆောင်ပေးမှုများကဲ့သို့လည်း အစားထိုးလုပ်ကိုင်လာကြောင်း မန္တလေးမြို့ခံများထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here