မန္တလေးတွင် ခရီးသည်တင်သုံးဘီးအငှားယာဉ်များ စည်းကမ်းပိုမိုလိုက်နာစေရေး ကျူးလွန်သည့်ပြစ်ချက်အလိုက် မှတ်တမ်းထားရှိမည်ဖြစ်၊ ထပ်မံကျူးလွန်ပါက ကာလအပိုင်းအခြားတစ်ခုသတ်မှတ်၍ ယာယီပိတ်သိမ်းမည်

279

 

မန္တလေး၊ ဇွန် ၁၃

မန္တလေးမြို့တွင် တုတ်တုတ် (ခေါ်) ခရီးသည်တင်သုံးဘီးအငှားယာဉ်များ စည်းကမ်းပိုမိုလိုက်နာစေရေးအတွက် ကျူးလွန်သည့်ပြစ်ချက်အလိုက် မှတ်တမ်းထားရှိကာ ထပ်မံကျူးလွန်ပါက ပြစ်ချက်ဟောင်းတွဲ၍ တရားစွဲတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်၊ သို့မဟုတ် ယာဉ်လိုင်စင်ကို ထပ်မံစည်းကမ်းချိုးဖောက်သည့်အတွက် ကာလအပိုင်းအခြားတစ်ခုသတ်မှတ်၍ ယာယီပိတ်သိမ်းခြင်း စသည့် လုပ်ငန်းစဉ်များကို ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ပြောကြားသည်။

“ခရီးသည်တင်သုံးဘီးယာဉ်တွေအနေနဲ့ သတ်မှတ်စည်းကမ်းနဲ့အညီမောင်းနှင်တာ၊ သတ်မှတ်လမ်းတွေအတိုင်း မောင်းနှင်တာ၊ ယာဉ်မောင်းတွေရဲ့ ပင်ကိုအသိ သတိတရားနဲ့မောင်းနှင်မယ်ဆိုလို့ရှိရင် မလိုလားအပ်တဲ့ ယာဉ်အန္တရာယ်ဖြစ်ပွားမှုကနေ ကင်းဝေးပြီး တခြားလမ်းအသုံးပြုသူတွေလည်း ယာဉ်အန္တရာယ်ကင်းပြီးတော့မှ အဆင်ပြေချောမွေ့စေခြင်း စတဲ့ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဇွန် ၁၂ ရက်က ကျင်းပသော မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)တွင် ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်၏ ‘မီနီအိုးေ၀ (သို့) သုံးဘီးအငှားယာဉ်များနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်း’ နှင့်စပ်လျဉ်း၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမြန်နှုန်းသတ်မှတ်ခြင်းအနေဖြင့် ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများအပိုဒ် ၁၄၃ (က)တွင် လမ်းအခြေအနေကောင်းလျှင် သာမန်အားဖြင့် မော်တော်ယာဉ်မောင်းနှင်မှုနှင့် အမြန်နှုန်းကို တစ်နာရီလျှင် ၄၈ ကီလိုမီတာ (မိုင်အားဖြင့် ၃၀ မိုင်)ဖြင့် လည်းကောင်း၊ မြို့နယ်နိမိတ်ပြင်ပ တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်ထားသောလမ်းမကြီးတွင် တစ်နာရီလျှင် ၈၀ ကီလိုမီတာ (မိုင်အားဖြင့် ၅၀မိုင်)ဖြင့် လည်းကောင်း၊ နည်းဥပဒေအပိုဒ် ၁၄၃ (ခ)တွင် နောက်တွဲပါယာဉ် (သို့) မီးလောင်တတ်သောပစ္စည်းပါယာဉ်တို့သည် အမြန်နှုန်းကို တစ်နာရီလျှင် ၃၂ ကီလိုမီတာ (မိုင်အားဖြင့် ၂၀ မိုင်)ထက် လည်းကောင်း၊ မြို့၏ပြင်ပနယ်နိမိတ် မြို့တစ်မြို့နှင့်တစ်မြို့ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ၅၆ ကီလိုမီတာ (မိုင်အားဖြင့် ၃၅မိုင်)ထက်လည်းကောင်း မမောင်းရဟု ပြဌာန်းထားရှိကြောင်း၊ ထို့ပြင် နည်းဥပဒေများအပိုဒ် ၁၄၃ (ဂ)တွင် ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့များသည် လမ်းအခြေအနေအရ အမြန်နှုန်းများကို နည်းဥပဒေခွဲ (က)နှင့် (ခ)ပါ ပြဌာန်းချက်များအား လိုအပ်သလို သတ်မှတ်နိုင်ပါကြောင်း ပြဌာန်းထားရှိသည်ဟု ၎င်းက ထပ်မံပြောကြားသည်။

“၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများပါ အမြန်နှုန်းသတ်မှတ်ချက်များသည် လက်ရှိ မြို့ပြဖွံ့ဖြိုးမှုနှင့် ကိုက်ညီမှုမရှိတော့သည့်အပြင် နည်းဥပဒေပြင်ဆင်ချက်သည် ပြည်ထောင်စုအဆင့်မှလုပ်ဆောင်ရမည်ဖြစ်သည့်အတွက် ပြင်ဆင်ဆဲယခုကာလမှာ အမြန်နှုန်းသတ်မှတ်နိုင်ရေး ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ထပ်မံဆိုသည်။

ခရီးသည်တင်သုံးဘီးဆိုင်ကယ်များသည် ရှေ့ဘီးတစ်မျိုးတည်းကို အားပြု၍ ဘယ်ညာကွေ့ရသည့်အတွက် တိမ်းမှောက်မှုသည် အဆပေါင်းများစွာရှိပြီး အရှိန်နှင့်ကွေ့လေလေ ယာဉ်တိမ်းမှောက်မှုပိုပြီးဖြစ်လေလေဖြစ်ကာ လူသားများတင်ဆောင်သည့်ယာဉ်သည် လူသားများသွားလာနေသည့်လမ်းပေါ်တွင် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများအပါအဝင် အရှိန်လျှော့သည့်ကိစ္စများပါ မူဝါဒချမှတ်လုပ်ဆောင်သင့်နေပြီဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က သုံးသပ်သည်။

“ရပ်ဝေးရပ်နီး ခရီးသည်တွေ သယ်ဆောင်ပြီး မြို့တွင်းအနှံ့ ပြေးဆွဲနေတဲ့အတွက်ကြောင့် တခြားယာဉ်တွေပါ အန္တရာယ်မဖြစ်ဖို့ကို သက်ဆိုင်ရာကနေ တစ်စုံတစ်ရာထိန်းချုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်၊ စီမံချက်ချပြီး ဆောင်ရွက်ဖို့လိုနေပါပြီ” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here