မန္တလေးတောင်တော်သို့ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထား

177

မန္တ​လေး၊ ဇွန် ၆

Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် မန္တလေးတိုင်းအစိုးရအဖွဲ့၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနတို့၏ ထုတ်ပြန်ထားသော ကြေညာချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မန္တလေးတောင်တော်သို့ တက်ရောက်နိုင်သော လမ်းများတွင် တက်ရောက်ခွင့်ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်တော်ဂေါပကအဖွဲ့မှ သိရသည်။

“စပိတ်တာကတော့ မတ်လကုန်ကတည်းက၊ ဒါပေမဲ့ ဒီရက်ပိုင်းမှာ တောင်ပေါ်ကို စက်ဘီးစီးတဲ့သူတွေ၊ ခြေလျင်လမ်းလျှောက်လာတဲ့သူတွေနဲ့ ခရီးသွားတွေ များလာတဲ့အတွက် ထပ်ပြီးပိတ်ပင်ထားဆဲဆိုတာ ပြည်သူလူထုသိအောင် လိုက်လံအသိပေးကြေညာနေတယ်၊ မန္တလေးတိုင်းအစိုးရနဲ့ ကျန်းမာရေး၀န်ကြီးဌာနကလည်း ဇွန် ၁၅ ရက်အထိ ပိတ်ထားဖို့ ညွှန်ကြားချက်ထုတ်ထားတဲ့အတွက် မန္တလေးတောင်တော်လည်း လောလောဆယ် တောင်တော်သို့ တက်ရောက်ခွင့်ထပ်မံပိတ်ထားပါတယ်” ဟု မန္တလေးတောင်တော်ဂေါပကအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးတောင်တော်ရှိ ဘုရားများသို့ လာရောက်ဖူးမြော်လိုပါက မိမိနေထိုင်ရာဒေသရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနများတွင် ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရှိမှသာ ၀င်ရောက်ခွင့်ပြူမည်ဖြစ်ကြောင်း တောင်တော်သြ၀ါဒဆရာတော်ကြီးများနှင့် မန္တလေးတောင်တော်ဂေါပကအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

“အခု ဇွန်လ ပထမပတ်မှာ တောင်ပေါ်တက်တဲ့သူတွေများလာလို့ လောလောဆယ် တက်ခွင့်မပြုသေးတဲ့အကြောင်း တက်ရောက်မယ်ဆိုရင် ကျန်းမာရေးထောက်ခံချက်ပါမှပဲ တက်ရောက်ခွင့်ပြုမယ်လို့ ကြားသိရတယ်” ဟု မန္တလေးတောင်ခြေအနီးတွင် နေထိုင်သူ ဦးနိုင်အောင်ချစ်က ဆိုသည်။

မန္တလေးတောင်တော် ပိတ်ပင်ထားဆဲဖြစ်သည့်အတွက် မန္တလေးတောင်တော်ကို အမှီပြု၍လုပ်ကိုင်နေသော လိုင်းကားများ၊ မန္တလေးမြို့တွင်းနှင့် တောင်ခြေအရောက် ပြေးဆွဲပေးလျက်ရှိသော ခရီးသည်သုံးဘီးများနှင့် အငှား Taxi ကားများလည်း ၀င်ငွေနည်းပါးနေကြောင်း မန္တလေးတောင်ခြေအနီးတွင် နေထိုင်သူများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးပွဲများ၊ ဘုရားများ၊ Church ကျောင်းများ၊ ဗလီ/နေအိမ်အတွင်း စုဝေး၀တ်ပြုဆုတောင်းခြင်းများ ခေတ္တယာယီပတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ကလည်း ဇွန် ၁ ရက်က အသိပေးကြေညာထားသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here